နေပြည်တော်
နိုဝင်ဘာ ၅
ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ကျင်းပသည့် ပြည်သူ့ဆေးရုံများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Hospital Development Symposium) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အရှိန်အဟုန်မပြတ်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး အစဉ်အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွင်း ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသကဲ့သို့ ရောဂါများဖြစ်ပွားလာပါကလည်း အချိန်မီထိရောက်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများကို စွမ်းအားပြည့်လုပ်ငန်းလည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
အထူးသဖြင့် ကင်ဆာရောဂါကုသမှုလုပ်ငန်းနှင့်ပတ်သက်၍ ဓာတ်ရောင်ခြည်ကုထုံးများဖြင့် ကုသမှုပေးနိုင်ရန်အတွက် လိုအပ်သော ကင်ဆာဓာတ်ရောင်ခြည်စက်ကြီးများအား နိုင်ငံတော်အစီအစဉ်ဖြင့် တိုးမြှင့်တပ်ဆင်ပေးလျက်ရှိရာ မကြာမီလုပ်ငန်းများ စတင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းအသစ်များအား တိုးချဲ့တပ်ဆင်နိုင်ရေး၊ ဆေးရုံအဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရေး၊ ဆေးဝါးများ၊ ရောဂါရှာဖွေရေးလုပ်ငန်းများ တိုးမြှင့်ထောက်ပံ့နိုင်ရေး စသည်တို့အတွက် နှစ်စဉ် နိုင်ငံတော်က ရန်ပုံငွေများ တိုးမြှင့်ချထားပေးလျက်ရှိပါကြောင်း။
ပြည်သူ့ဆေးရုံများအနေဖြင့် လူနာများကုန်ကျ စရိတ်နည်းပါးစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ နိုင်ငံတော်က ခွဲဝေချထားပေးသော ရန်ပုံငွေများကို ပြည်သူလူထုအတွက် အကျိုးရှိစွာသုံးစွဲရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူနာများဘေးကင်းလုံခြုံရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေး၊ ပြည်သူ့အတွက် ပြည်သူ့ဆေးရုံများဖြစ်လာစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ ပြည်သူ့ဆေးရုံများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ (Hospital Development Symposium) ကို နိုဝင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကုသရေးဦးစီးဌာနများမှ ဖိတ်ကြားထားသူများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment