နေပြည်တော်
နိုဝင်ဘာ ၅
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ တည်းခိုရေးစခန်းကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ၊ တည်းခိုရေးစခန်းတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားနည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့်နေရာများကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ဖြစ်စေရေး ဆပ်ကော်မတီဝင်များအားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်များက တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေး မွေးရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားနည်းပြများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒိုင်/ဂျူရီများအတွက် ဧည့်ခံကျွေးမွေးမည့်နေရာများ၊ တည်းခိုနေထိုင်မည့် အိပ်ခန်းများနှင့် တည်းခိုဆောင်များကို ကြည့်ရှုစစ်ဆေးပြီး အိပ်ဆောင်များတွင် လိုအပ်သော ပရိဘောဂပစ္စည်းများ ဖြည့်တင်းနိုင်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်ကောင်းမွန်အောင်ဆောင်ရွက်ရေးနှင့် အိပ်ဆောင်အတွင်း၊ အပြင်သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment