မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၂၃) ကြိမ် ခရီးကိုရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ဤညီလာခံခရီးစဉ်တစ်လျှောက်တွင် တိုင်းရင်းဆေးပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းဆေးနှင့် နှီးနွှယ်ပညာရှင်များ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့် ပြည်သူလူထုကြားတွင် တိုင်းရင်းဆေးကို ပိုမိုအားကိုးအားထားပြုလျက်ရှိကြသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ဤကဲ့သို့ ပြည်သူလူထု၏ အားပေးမှုနှင့်အတူ နိုင်ငံတော်ကလည်း တိုင်းရင်းဆေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အဘက်ဘက်မှ အားပေးမြှင့်တင်ပေးလျက်ရှိရာ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကြီးသည် (၂၃)ကြိမ်မြောက်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) (Myanmar International Convention Center- 2 (MICC-2) တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတော်အဆင့် ကျင်းပမည်ဖြစ်ပါသည်။
အနှစ်သာရရှိစွာ တိုင်းရင်းဆေးညီလာခံမှာတွေ့ဆုံကြ
ဤကဲ့သို့ (၂၃)နှစ်တာကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးနှင့် နှီးနွှယ်ဆက်စပ်ရာဌာနများနှင့် အသင်းအဖွဲ့များမှပညာရှင်များအနေဖြင့် တိုင်းရင်းဆေးညီလာခံကြီးတွင် တစ်နှစ်တစ်ကြိမ်တွေ့ဆုံခွင့်ရရှိကြသည်။ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကို တိုင်းရင်းဆေးပညာသင်ကြားရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုနိုင်စေရန်၊ တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်းရင်းဆေးဝါးများ ခေတ်စနစ်နှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်စေရန်၊ မြန်မာ့တိုင်းရင်းဆေးပညာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်အား လေးစားတန်ဖိုးထားတတ်စေရန်စသည့် အနှစ်သာရရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပကြမည်ဖြစ်ပါသည်။
ထို့ပြင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ၊ နှီးနှောဖလှယ်ပွဲများကိုလည်း ညီလာခံနှင့်အတူ တစ်ဆက်တည်း ကျင်းပခဲ့ကြပါသည်။ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲတွင် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဆွေးနွေးခွင့်၊ ညှိနှိုင်းခွင့်၊ ပညာရပ်ဆိုင်ရာဖလှယ်ခွင့်များ ရရှိကြနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်ဝါရင့်ဆေးဆရာကြီး၊ ဆရာမကြီးများက မျိုးဆက်သစ်ဆရာဆရာမများကို လက်ဆင့်ကမ်းအမွေပေးနိုင်မည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်သောကြောင့် မျိုးဆက်သစ်ဆေးဆရာများအတွက် ပညာအမွေဆက်ခံခွင့်ရရှိနိုင်သော အကျိုးကျေးဇူးများကိုပါ ရရှိစေမည်ဖြစ်ပါသည်။
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်း ဆေးပညာနှီးနှောဖလှယ်ပွဲကျင်းပရခြင်းသည် အနှစ်သာရအားဖြင့် တိုင်းရင်းဆေးသမားတော်များက တိုင်းရင်းဆေးဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမို၍ကျယ်ကျယ်ပြန့်ပြန့် စောင့်ရှောက်မှုပေးနိုင်ရေးသည် အဓိကဖြစ်ပါသည်။
တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ညီလာခံအဆိုအထောက်များ
(၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးသော အဆိုပြုချက်များ တင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်းများကိုလည်း ပြုလုပ်ကြမည်ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာတမ်းရှင်များက တိုင်းရင်းဆေးပညာဆိုင်ရာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာစာတမ်းများဖတ်ကြား၍ ဆွေးနွေးကြမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ပံ့ပိုးမှုနှင့် ဖွံဖြိုးမှုဆိုင်ရာလမ်းကြောင်းများ
မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှစ်စဉ်ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်အတွက်၊ မြန်မာ့ဆေးဆရာပညာရှင်များအတွက်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် တန်ဖိုးကြီးမားသည့် မှတ်တိုင်များဖြစ်ပါသည်။ ညီလာခံကျင်းပခြင်းဖြင့် မြန်မာပြည်သူများအား အရည်အသွေးပြည့်ဝသော မြန်မာ့တိုင်းရင်းဆေးပညာဆိုင်ရာ ကုထုံး၊ ဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်လာပြီး ပြည်သူများက ပိုမိုယုံကြည်အားကိုးလာကာ မိမိတို့၏ ဘိုးဘွားအမွေအနှစ် အမျိုးသားဆေးပညာကို လေးစားတန်ဖိုးထားလာကြပြီဖြစ်ပါသည်။
သို့ဖြစ်၍ နိုင်ငံတော်အစိုးရအဆက်ဆက်က ကျန်းမာရေးစောင့်ရှောက်မှုများတွင် တိုင်းရင်းဆေးပညာဖြင့် ပါဝင်အားဖြည့်နိုင်ရန်အတွက် တိုင်းရင်းဆေးအခန်းကဏ္ဍကို အလေးအနက်ထားပြီး ပံ့ပိုးဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါသည်။ နိုင်ငံတော်၏ အားပေးမှုနှင့်အတူ တိုင်းရင်းဆေးပညာရှင်များကလည်း ခေတ်အဆက်ဆက်တွင် ပြည်သူလူထု၏ကျန်းမာရေးကို အစဉ်စောင့်ရှောက်ပေးသကဲ့သို့ ကပ်ရောဂါဘေးနှင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာသည့် အခါတွင်လည်း ပြည်သူလူထုကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ပေးလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းစသည်တို့သည် မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကမဏ္ဍိုင်ကြီးများ ဖြစ်ကြပါသည်။
ယခုအချိန်တွင် မြန်မာ့တိုင်းရင်းဆေးပညာရှင်များကို ဒီပလိုမာအဆင့်၊ ဒီဂရီဘွဲ့ရအဆင့်၊ တိုင်းရင်းဆေးပညာမဟာဘွဲ့အဆင့်မှ တိုင်းရင်းဆေးပညာပါရဂူဘွဲ့အထိ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးသို့ အဆင့်ဆင့်တက်လှမ်းနေပြီဖြစ်ပါသည်။ ထို့ပြင် တိုင်းရင်းဆေးဝါးများကို အရည်အသွေးစိတ်ချရပြီး ဆေးအချိန်အဆမှန်ကန်စွာဖြင့် အာနိသင်ရှိသော ဆေးဝါးများဖြစ်စေရေးအတွက် စနစ်တကျထုတ်လုပ်လာကြပြီလည်းဖြစ်ပါသည်။ ယခုအခါ မြန်မာ့တိုင်းရင်းဆေးပညာသည် အဆင့်မီဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ မှန်မှန်လျှောက်လှမ်းလျက် ရှိနေပြီဖြစ်ပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ
တိုင်းရင်းဆေးပညာသည် မြန်မာတို့၏ ရိုးရာအမွေအနှစ် ဆေးပညာရပ်ဖြစ်သည်သာမက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများ၏ တိုင်းရင်းဆေးဆိုင်ရာကဏ္ဍများနှင့်လည်းအတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်စသောအဖွဲ့အစည်းများနှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာလုပ်ငန်း၊ တိုင်းရင်းဆေးဝါးများ မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်း၊ စံချိန်စံညွှန်းများညှိနှိုင်းသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်း၊ သုတေသနဆိုင်ရာလုပ်ငန်းများ၊ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းများစသည်တို့နှင့်ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ရင်ပေါင်တန်း၍ လိုက်ပါဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ နိုင်ငံတကာနှင့် ပညာရပ်ဆိုင်ရာပူးပေါင်းဆွေးနွေးဖလှယ်ကြခြင်း၊ ဆေးဝါးများကို အပြန်အလှန် ကူးသန်းရောင်းဝယ်ကြခြင်းများ ပြုလုပ်နိုင်ရန် တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးလုပ်ငန်းရှင်များကလည်း မျက်ခြည်မပြတ်ဆန်းစစ်လေ့လာကြပြီး မြန်မာ့ဆေးပညာ၊ မြန်မာ့တိုင်းရင်းဆေးဝါးများ အစဉ်အမြဲအဆင့်အတန်းမီရေး ကြိုးပမ်းအားထုတ်လျက်ရှိကြပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံချင်း၊ လူမျိုးတစ်မျိုးချင်း၏ တိုင်းရင်းဆေးပညာရပ်များသည် အခြေခံအားဖြင့် မတူညီကြသည့်အတွက် မိမိတို့၏ တိုင်းရင်းဆေးပညာအခြေခံသီအိုရီများကို မိမိတို့၏မူပိုင်အဖြစ် ထိန်းသိမ်းကြရမည်ဖြစ်သည့် အလျောက်ယင်းအခြေခံသီအိုရီများ ခိုင်မာမှန်ကန်ကြောင်း သက်သေပြရန်အတွက်လည်း ဆေးပညာရှင်များက ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
မြန်မာ့တိုင်းရင်းဆေးပညာကုထုံးများကို အခြေခံ “စံ” ကုထုံးအဖြစ် သတ်မှတ်နိုင်ခဲ့ကြပြီး ရောဂါအမည်၊ ဆေးအမည်၊ ဆေးပင်၊ ဆေးပစ္စည်းများ၏ အမည်နာမများကို ပြည်သူအများနားလည်အောင် ဆောင်ရွက်ခဲ့ကြသလို ဆက်လက်၍လည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ရင်းနှီးချစ်ကြည်လက်တွဲညီ၊ တိုင်းရင်းဆေးညီလာခံဆီ
တိုင်းရင်းဆေးညီလာခံကြီးသည် နိုင်ငံတော်အကြီးအကဲ၏ အားပေးချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ယခုကျင်းပမည့် ညီလာခံသို့ တက်ရောက်လာကြမည့် ညီလာခံကိုယ်စားလှယ်တော်ကြီးများနှင့် နှီးနွှယ်ပညာရှင်များအနေဖြင့် တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုနိုင်ကြရန် တိုက်တွန်းနှိုးဆော်ရင်း (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရန် ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ရင်းနှီးချစ်ကြည်လက်တွဲညီ၊ တိုင်းရင်းဆေးညီလာခံဆီ”ဆောင်းပါးကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment