Saturday, November 23, 2024

တစ်မျိုးသားလုံးညီညွတ်ရေး အခိုင်အမာတည်ဆောက်ထားရန်လို

 

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံများစာရင်း၌ဝင်၍ ကမ္ဘာ့နိုင်ငံများစွာတို့၏နောက်တွင် ကျရောက်နေသည်မှာ ပကတိအရှိတရားပင်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းကို အဖြေရှာလျှင် ကိုလိုနီဘဝမှလွတ်မြောက်ပြီးနောက် လွတ်လပ်သည့်နိုင်ငံဘဝတွင် အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲခဲ့ခြင်း၊ ငြိမ်းချမ်းမှုမရှိခြင်းတို့ကြောင့်ဟူသည့် အဖြေကိုတွေ့ရှိနိုင်သည်။ ယနေ့ကမ္ဘာ့ထိပ်တန်းစာရင်းဝင်နေသည့် နိုင်ငံများကို လေ့လာမည်ဆိုလျှင် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု မတူညီကြသူများ အတူတကွစည်းလုံးညီညွတ်စွာလက်တွဲ၍ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ခဲ့ကြခြင်းကြောင့် ဖြစ်သည်ကိုလည်း တွေ့ရှိနိုင်သည်။

မတူကွဲပြားခြားနားသူများ အတူတကွပေါင်းစည်းကာ လူမျိုးတစ်မျိုးအဖြစ် နေထိုင်ကြခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက အလယ်ပစ္စယံညီလာခံမိန့်ခွန်းတွင် “လူမျိုး ဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်ကိုးကွယ်သည့်ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည် ဖြစ်သော်လည်း စင်စစ်မှာအေးအတူပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ၏” ဟူ၍ ပြောကြားခဲ့သည်။ သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး၊ ဒေသအလိုက် ပြောစကားပေါင်း ၂၄၂ မျိုးတို့ နှစ်ရာစုပေါင်း များစွာ အတူတကွ နီးနီးစပ်စပ် အကျိုးချင်းထပ်၍ နေထိုင်လာကြ သည့် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသူနိုင်ငံသားများအနေဖြင့် “ ငါတို့အားလုံးမြန်မာ” ဟူသည့်စိတ်ထားကို ထားရှိကြမည်ဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် အမျိုးအနွယ်သည်လည်းကောင်း၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စသည့် ကိုးကွယ်သည့်ဘာသာတရားသည်လည်းကောင်း၊ လူမျိုးအလိုက် ပြောဆိုကြသည့် ဘာသာစကားတို့သည်လည်းကောင်း အလေးထားကြရမည်ဖြစ်သည့်တိုင် အေးအတူပူအမျှ ဆန္ဒတူညီစွာ နေထိုင်ကြခြင်း၊ တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးရင်းသားရင်း စိတ်ဓာတ်နှင့်သံယောဇဉ်တရားတို့မှ ဖြစ်ပေါ်လာသည့် အပြန်အလှန် ကာကွယ်စောင့်ရှောက်ပေးခြင်းတို့ကသာ ဝံသာနုရက္ခိတတရား၏ အခြေခံဖြစ်သည်။

မျက်မှောက်ကာလ ကမ္ဘာ့ရေးရာများမှာ ကမ္ဘာသူကမ္ဘာသားတို့ စိုးရိမ်ကြောင့်ကြမှုဖြင့် စောင့်ကြည့်နေကြရသည့် အခြေအနေဖြစ်သည်။ အင်အားပြိုင်ဆိုင်မှုများ၊ တင်းမာမှုများ တစ်စတစ်စမြင့်တက် လာသည့်အခြေအနေများက ကမ္ဘာကြီးကို အန္တရာယ်ချောက်ကမ်းပါးစွန်းသို့ တွန်းပို့နေသည့်နှယ်ပင်ဖြစ်သည်။ အကယ်၍သာ အင်အား ကြီးတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပြီဆိုပါလျှင် မိမိတို့ကဲ့သို့သော နိုင်ငံငယ်ကလေးမှာ ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ ဖားသူငယ်ပမာ အချိန်မရွေး ပျက်စီးကြေမွပျောက်ကွယ်သွားနိုင်သည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်ရာ ပြည်တွင်းအားကို ညီညွတ်စွာစုစည်းထားပြီး ခိုင်မာတောင့်တင်းအောင် တည်ဆောက်ထားနိုင်မှ တန်ကာကျမည့်အခြေအနေတွင် မိမိတို့မှာ လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများနှင့် ထွေးလုံးရစ်ပတ်နေရသည်။

လွတ်လပ်ရေးရပြီးကတည်းက ယခုအချိန်အထိ မပြီးဆုံးနိုင်သည့် လက်နက်ကိုင်သံသရာသည်လည်းကောင်း၊ အကြမ်းဖက် တိုက်ခိုက်သောင်းကျန်းဖျက်ဆီးမှုများသည်လည်းကောင်း နိုင်ငံနှင့်ပြည်သူတို့ကို အောက်တန်းနောက်တန်းဆီသို့သာ ကျရောက်စေသကဲ့သို့ ငြိမ်းချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထု၏ ပကတိအလို ဆန္ဒနှင့်လည်းဆန့်ကျင်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ ပြည်ထောင်စုကြီးတစ်ဝန်းလုံး ငြိမ်းချမ်းစေရန်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအပါအဝင် မြန်မာတစ်မျိုးသားလုံး ညီညွတ်ကြရန်လိုသည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် နေထိုင်ကြသူများအကြား စည်းလုံးညီညွတ်မှု ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ငြိမ်းချမ်းမှု ကပါ တစ်ပါတည်းဖြစ်ပေါ်လာမည်ဖြစ်သည်။

မိမိတို့အားလုံး ဖြတ်သန်းနေကြရသည့် ပစ္စုပ္ပန်ကာလ ပြည်တွင်း ပြည်ပအခြေအနေတို့အရ မိမိတို့တစ်မျိုးသားလုံးညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ထားကြရန်နှင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ ကာကွယ်ရေး စွမ်းအားတို့ကို မြှင့်တင်ထားကြရန်လိုအပ်သည့် အချိန်သို့ ကျရောက်နေပြီဖြစ်ရာ “ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့၊ တစ်မျိုးသားလုံးညီညွတ်စို့” ဟူ၍ ကြွေးကြော်တိုက်တွန်းလျက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုလိုက် ရပါကြောင်း။         

No comments:

Post a Comment