စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ရေးအတွက် စိုက်ပျိုးရေသည် မရှိမဖြစ်လိုအပ်သဖြင့် ရေအရင်းအမြစ်များရရှိရေး ရှာဖွေဆောင်ရွက်နေကြသည်။ စိုက်ပျိုးရေကို အသုံးချရာတွင် မိုးကောင်းသောက်၊ ဆည်ရေ၊ မြစ်ရေတင်၊ မြေအောက်ရေ စသည်ဖြင့် ထုတ်ယူသုံးစွဲကြသည်။ စိုက်ပျိုးရေးအတွက် ဆည်တမံများရှိသော်လည်း ထပ်မံတည်ဆောက်ရန် လိုအပ်သေးသည်။ မြန်မာနိုင်ငံ၏ မြစ်ကြီးများဖြစ်သည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ကို စနစ်တကျထိန်းသိမ်းပြီး ဆောင်ရွက်သွားမည်ဆိုပါက စိုက်ပျိုးရေများ လုံလောက်စွာရရှိနိုင်မည်ဖြစ်သည်။ မြစ်ကမ်းတစ်လျှောက် ရှိ စိုက်ပျိုးမြေများအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။
မြစ်ကြောင်းများတစ်လျှောက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေအတွက်သာမက ရေကြီးရေလျှံမှုကိုပါ ကာကွယ်နိုင်သည်။ မြစ်ကြောင်းများတစ်လျှောက် အရေးပါသည့်နေရာများတွင် ဆည်များတည်ဆောက်၍ စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်နိုင်သည်။ မြစ်ကြောင်းများကို ထိန်းသိမ်းခြင်းလုပ်ငန်းများမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေများရရှိရေးအတွက် မြစ်ကြောင်းများကို အကျိုးရှိအောင် အသုံးချနိုင်ရေးကြိုးပမ်းရမည် ဖြစ်သည်။ မိုးနည်းသည့်ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်သည်။
ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန် အကျိုးရှိရှိအသုံးချနိုင်ရေး ဆောင်ရွက်ရာတွင် ရေနှင့်ဆက်စပ်ပြီး စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရန်လိုသည်။ မြို့ပြဧရိယာများ၏ သုံးမိုင်ပတ်လည်အကွာအဝေး၌ Green Zone များ ဖော်ဆောင်ပေးထားရန်လိုကြောင်း နိုင်ငံတော်အကြီးအကဲက မှာကြားထားသည်။ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အိမ်ခြံဝင်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် Green Zone များ ဖော်ဆောင်သွားမည်ဟု သိရသည်။ ပွင့်လင်းရာသီကာလတွင် စိုက်ပျိုးထားသောသစ်ပင်များ ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံ၍ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ၅၀ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်လုပ်ငန်းများဖြစ်သည်ကို တွေ့ရသည်။ စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ကြရန်လိုသည်။ စက်ရုံကြီးများ တည်ထောင်ရန်မဆိုလိုဘဲ စက်ယန္တရားအနည်းငယ်ဖြင့် ဆောင်ရွက်နိုင်ရေးဖြစ်သည်။ ပြည်တွင်း၌ လိုအပ်ချက်ရှိသည့် အထည်အလိပ်လုပ်ငန်း၊ အီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ သံနှင့်သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လိုအပ်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေးကို အခြေခံပြီးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ဒေသအလိုက်လိုအပ်နေသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်ခြင်းတို့ဖြင့် ဒေသ၏လူသားအရင်းအမြစ်များကို ထိန်းသိမ်းထားနိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဒေသအလိုက် တာဝန်ရှိသူများအနေဖြင့် ဒေသအလိုက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်၍ စိုက်ပျိုးရေရရှိရေးကို ကြိုးပမ်းဆောင်ရွက်ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးကို အလေးထားဆောင်ရွက်ကာဒေသအလိုက် စက်မှုလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ပြီး နိုင်ငံတော်၏ စီးပွားရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment