Wednesday, November 6, 2024

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ်(၄၄) သင်တန်းဖွင့်

 


နေပြည်တော် နိုဝင်ဘာ ၅

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ်(၄၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမမှလည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီနှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့မှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက အွန်လိုင်းဖြင့်လည်းကောင်း တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းသည် စာရင်းပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည့်သူများအတွက် အခြေခံကောင်းများရရှိစေမည်သာမက စာရင်းပညာရှင် (လက်မှတ်ရပြည်သူ့စာရင်းကိုင်- CPA) အဖြစ် ဆက်လက်လျှောက်လှမ်းနိုင်မည့် သင်တန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမှုများကို လက်တွေ့ဘဝအသက်မွေးမှုတွင် ပြန်လည်အသုံးချနိုင်ရန်အတွက် အလေးထားလေ့လာမှတ်သားကြရန်၊ တန်ဖိုးရှိသည့်အချိန်ကို အကျိုးရှိစွာအသုံးချကြရန် လိုအပ်ပါကြောင်း၊ သင်တန်းစည်းကမ်းများကို လေးစားလိုက်နာပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် လေ့လာသင်ယူကြ၍ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များသို့ တက်လှမ်းနိုင်သူများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

သင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသား ၆၄ ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား ၄၃ ဦး စုစုပေါင်း သင်တန်းသား ၁၀၇ ဦးတို့ကို ဘာသာရပ်ခြောက်ခုဖြင့် ၁၀ လ ကြာ တစ်ပြိုင်တည်းဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment