အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း(၂၀၂၄) ကောက်ယူရေးအတွက် လုပ်ငန်းရှင်များနှင့် အကြိုရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ ပျဉ်းမနားမြို့နယ်မှ MSME အသင်းဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စစ်တမ်းကောက်ယူခြင်းကို နေပြည်တော်တွင် မြို့နယ်တစ်မြို့နယ်မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းပေါင်း ၈၀ ကို ကောက်ယူမည်ဖြစ်ပြီး နေပြည်တော်တစ်ခုလုံးရှိ မြို့နယ်ရှစ်မြို့နယ်၏ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ကိုယ်စားပြုမည်ဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူရာတွင် လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေစေရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် လုံခြုံမှုရှိစေရေး၊ MSME လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ရန်အတွက် လုပ်ငန်းရှင်များက ပူးပေါင်းပါဝင်၍ မိမိတို့၏ လိုအပ်ချက်၊ အခက်အခဲများကို မှန်ကန်စွာဖြေကြားပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်း၏ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးစေရန် အလွန်အရေးပါသည့်အတွက် အရည်အသွေးရှိသော စာရင်းအင်းအချက်အလက်များရရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(ကုန်ထုတ်လုပ်မှု) စစ်တမ်း(၂၀၂၄) ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။
အဆိုပါ စစ်တမ်းကောက်ယူခြင်းကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုနိုင်ရန်၊ MSME လုပ်ငန်းများ၏ လိုအပ်ချက်များကိုသိရှိနိုင်ရန်၊ MSME မူဝါဒချမှတ်သူများအတွက် စာရင်းအင်းဆိုင်ရာအချက်အလက်များ ဖြည့်ဆည်းပေးနိုင်ရန်၊ MSME လုပ်ငန်းများ၏ ငွေကြေးအရင်းအနှီးနှင့် စီမံခန့်ခွဲမှုအခြေအနေများကို သိရှိနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှုအခြေအနေကို သိရှိနိုင်ရန်နှင့် MSME လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုမှုကိုသိရှိနိုင်ရန် ရည်ရွယ်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း ၈၀ ကို နိုဝင်ဘာ ၇ ရက်မှ ၁၉ ရက်အထိ ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment