နေပြည်တော် နိုဝင်ဘာ ၅
တိုင်းရင်းဆေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ်၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ယနေ့ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတွင် တိုင်းရင်းဆေးပညာကဏ္ဍသည် ကြီးကြီးမားမားရှိနေဆဲ ဖြစ်ကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်အနေဖြင့် မြန်မာတိုင်းရင်းဆေးများ၊ ကုထုံးများတိမ်ကောပျောက်ပျက်မှုမရှိအောင်၊ ရေရှည်တည်တံ့အောင် ခေတ်နှင့်အညီ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်မှုများ၊ သုတေသနပြုမှုများဖြင့် တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ယနေ့ကျင်းပမည့် ဆွေးနွေးပွဲတွင် ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်းဖြစ်ထွန်းလာစေရေး၊ ပညာရေးဝန်းကျင်ကောင်းရရှိရန်လိုအပ်သော စာသင်ခန်း၊ စာကြည့်တိုက်၊ သုတေသနဓာတ်ခွဲခန်း၊ အိုင်တီအထောက်အကူနှင့် တိုင်းရင်းဆေးဥယျာဉ်ဖွံ့ဖြိုးရေး၊ နိုင်ငံတကာနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများနှင့်ပတ်သက်၍ အရည်အသွေးအာမခံမှုနှင့် အသိအမှတ်ပြုမှုရရှိရေးတို့ကို စနစ်တကျဆွေးနွေးအဖြေရှာကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်း၊ တိုင်းရင်းဆေး တက္ကသိုလ်နှင့်နှီးနွှယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးမြို့ (ခုတင်-၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် (ခုတင်-၃၀၀)ဆံ့ သင်ကြားရေးဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လူနာများလက်ခံကုသနိုင်ရေး ဆေးဝါးလိုအပ်ချက်အပါအဝင် ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်မှာကြားပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါ လူနာဆောင်သို့ သွားရောက်ကာ လူနာများဆေးကုသနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment