Tuesday, October 15, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) များ လက်မှတ်ရေးထိုး



နေပြည်တော် အောက်တိုဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော် ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ငါးစောင်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ အကောင် အထည်ဖော်မည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယအကြီးအကဲ Mr. Ashish Sharma ၊ အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် “စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အဆောက်အဦ စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” ၊ “အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ် တည်ထောင်ခြင်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” ၊ “မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီးကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” နှင့် “ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြသည်။

စီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ ရှိပြီး “စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန် အဆောက်အဦစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုးအကောင်အထည်ဖော်ခြင်းအားဖြင့် စပါးစိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်နိုင်ခြင်း၊ “အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ် တည်ထောင်ခြင်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် တက္ကသိုလ်အတွင်း ပညာရပ်နှင့် သုတေသနဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ စာအုပ်စာတမ်းများ ရယူနိုင်သည့် ဗဟုသုတဘဏ်ထူထောင်နိုင်ခြင်း၊ “မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများရှိ ဆရာ ဆရာမများသည် နည်းပညာရပ်များ လေ့လာသင်ယူခွင့်ရရှိနိုင်ခြင်း၊ “မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီးကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦဆောက်လုပ်ခြင်း စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် အမျိုးသမီးကလေးများ၏ လူနေမှုဘဝပိုမို တိုးတက်ကောင်းမွန်လာစေခြင်းနှင့် “ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် ရန်ကုန်မြို့၌ နိုင်ငံတကာလူသားချင်းစာနာမှုအကူ အညီများလက်ခံရာတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာဗဟိုဌာနအဖြစ် အမျိုးသားအဆင့် အကြီးစား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဗဟိုဌာနအနေဖြင့် အထောက်အကူပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ စီမံချက်များအကောင်အထည်ဖော်ရေးအတွက် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီဖွဲ့စည်း၍ ကြီးကြပ်အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေး ဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ် ပြီး စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုးခွင့်ပြုပေးခြင်းဖြစ်သည်။ ယမန်နှစ်ကလည်း အလားတူစီမံချက် သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ QIP စီမံချက်များကို မြန်မာနိုင်ငံ၏ လူမှု စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment