Tuesday, October 15, 2024

ဟားခါးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်း အမှတ်အခမ်းအနားပြုလုပ်

ဟားခါး အောက်တိုဘာ  ၁၅

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။



အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ် (၆၄/၂၀၀) အပေါ်အခြေခံပြီး နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံတော်အခမ်းအနားတစ်ရပ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် နှစ်အလိုက်ဆောင်ပုဒ်များ သတ်မှတ်ပေးလျက်ရှိရာ ယခုနှစ်အတွက် “Empowering the next generation for a resilient future”  “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့”ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီတည်နေရာ ရေမြေအခြေအနေအရ ရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ်အများဆုံး ဖြစ်ပေါ်ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်များ၏ သဘာဝအရ ဘေးမဖြစ်ပွားစေရေးတားဆီး၍ မရနိုင်သော်လည်း ဘေးအန္တရာယ်များ၏သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး စသည့်နည်းလမ်းများဖြင့် စီမံဆောင်ရွက်ကြရကြောင်း၊ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းသည့် အဓိကကျသော လုပ်ငန်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ၊ တည်မြဲအမိန့်နှင့်အညီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ကာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ လျှော့ချရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ယခုနှစ်ဆောင်ပုဒ်နှင့်အညီ ဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနိုင်ခြေလျော့ကျရေး နိုင်ငံတော်အစိုးရ၊ အများပြည်သူနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ မျိုးဆက်သစ်များအားလုံးတို့၏ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်ဖြေရှင်းကြရန် အမှာစကားပြောကြား သည်။

ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ အသတင်းစကားသံ Video Clip ပြသပြီး ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းကလည်းကောင်း၊ ထန်တလန်မြို့နယ်နှင့် ပလက်ဝမြို့နယ်များမှ နေရပ်စွန့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက လည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အခမ်းအနားသို့ တက်ရောက် လာကြသည့် ထန်တလန်မြို့နယ်နှင့် ပလက်ဝမြို့နယ်မှ နေရပ်စွန့် ကျောင်းသား၊ ကျောင်းသူများ၊  ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်) 

No comments:

Post a Comment