Thursday, October 3, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြင်ဦးလွင်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ အရင်းအနှီး၊ နည်းပညာလွှဲပြောင်းရရှိရေးနှင့် ဈေးကွက်ရရှိရေးကိစ္စရပ်များ ဆွေးနွေး


နေပြည်တော် အောက်တိုဘာ ၂

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိဝိုင်၊ ယိုစုံနှင့် မလိုင်ထုတ်လုပ်သည့် MSME လုပ်ငန်းရှင်များအား ယနေ့နံနက်ပိုင်းတွင် သုတေသနဌာနခွဲ (ပြင်ဦးလွင်) ၌ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးပေးလျက်ရှိပြီး ချေးငွေ ပမာဏအနေဖြင့် အသေးစားလုပ်ငန်းကို ငွေကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းကို ငွေကျပ်သန်း ၅၀ နှင့် အလတ်စားလုပ်ငန်းကို ငွေကျပ်သန်း ၁၀၀ အထိ ထုတ်ချေးပေးလျက်ရှိကြောင်း၊ MSME လုပ်ငန်းများ အတွက် နည်းပညာရရှိရေး အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာလွှဲပြောင်းပေးမှုများ၊ ကုန်ကြမ်းပစ္စည်း များရရှိရေး၊ ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုနိုင် ရေးတို့ကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး ဈေးကွက်ရရှိရေးအတွက် E-Market Platform တည်ထောင်ပေးခြင်း၊ ထုတ်ကုန်ပစ္စည်းပြခန်းကို ရန်ကုန်တိုင်း ဒေသကြီး SME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနတွင် ဖွင့်လှစ်ပြီးဒေသအသီးသီးမှ MSME ထုတ်ကုန်များကိုလည်း ရောင်းချပေးလျက်ရှိကြောင်း။

MSME ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီးပါက အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အစပျိုးစီးပွားရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ကူညီပံ့ပိုးဆောင် ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီအလိုက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပါက ဒေသနှင့်နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းရှင်များက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

အားပေးကြည့်ရှု

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံစက်မှုဇုန်အတွင်းရှိ Burst Transmission Co., Ltd. ၏ မှန်ဘီလူးများ၊ မှန်ဘီလူးကိုယ်ထည်များ၊ အဏုကြည့်မှန်ပြောင်းများ၊ လုံခြုံရေးကင်မရာ ခေါင်းလောင်းများ၊ ကင်မရာတွင်ပါဝင်သည့် ပလတ်စတစ်အစိတ်အပိုင်းများ၊ ပရင်တာအစိတ်အပိုင်းများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ဆားကစ်ပြားများ ဒီဇိုင်းရေးဆွဲထုတ်လုပ်နေမှု၊ ကိုဒက်ကင်မရာအမျိုးအစားများ တပ်ဆင်ထုတ်လုပ် နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး နည်းပညာလွှဲပြောင်းရရှိရေး စီမံဆောင်ရွက်ရန်၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအဆင့် တိုးမြင့်ရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန်၊ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment