Wednesday, October 2, 2024

မိတ္ထီလာခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၉ ရက်နေ့က မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား တွေ့ဆုံစဉ် “မိမိတို့အနေဖြင့် မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အားထည့်၍ ဆောင်ရွက်သွားရန်လိုပြီး အချိန်ကိုအကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် တာဝန်ထမ်းဆောင်နေကြသူများ၊ ဒေသခံများအားလုံးက အမြင်ကျယ်ကျယ်ဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်” မှာကြားခဲ့သည်။

မိတ္ထီလာခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်လမ်းဆုံတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး အချက်အချာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။ မိတ္ထီလာဒေသ၏ အကျယ်အဝန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၏ အကျယ်အဝန်းမှာ ကွာဟမှုအနည်းငယ်သာရှိသည်။ မိတ္ထီလာဒေသတွင် လူဦးရေကိုးသိန်းကျော်ခန့်နေထိုင်ပြီး နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေတစ်သန်းကျော်ခန့် နေထိုင်ကြသည်။ ထို့ကြောင့် နေပြည်တော်ကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြဒေသတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည်။

မိတ္ထီလာဒေသသည် တည်နေရာအနေအထားအရ သာစည်-မြင်းခြံသွား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ အထက်၊ အောက်မြန်မာပြည် ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်းမကြီးပေါ်တွင် တည်ရှိသည့်အပြင် မြင်းခြံ-သာစည်-ရှမ်းပြည်နယ်တောင်ပိုင်း မြို့ကြီးများနှင့်လည်း ကားလမ်းဖြင့် ဆက်သွယ်လျက်ရှိသည်။ ထင်ရှားသော မိတ္ထီလာကန်တော်ကြီးသည် စိုက်ပျိုးရေးနှင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။ အစိုးရအဆက်ဆက် မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးကို အကောင်အထည်ဖော်ခဲ့သည်။ မြို့ပြဝန်းကျင်တွင် လူမှုစီးပွားဘဝမြင့်မားပြီး ကုန်သွယ်မှုတွင် ဗဟိုအချက်အချာကျသဖြင့် ရောင်းဝယ်ဖောက်ကားမှုများဖြင့် စည်ပင်ဝပြောသော မြို့တစ်မြို့ဖြစ်သည်။

ထိုကဲ့သို့ ဗဟိုအချက်အချာကျသော ဒေသဖြစ်သကဲ့သို့ ပညာရေးနှင့်ပတ်သက်လျှင်လည်း တက္ကသိုလ်၊ကောလိပ်များ ပြည့်စုံစွာတည်ရှိသည့် ခရိုင်မြို့တစ်မြို့ဖြစ်သည်။ ပညာရေးနှင့်ပတ်သက်၍ အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့်မြို့ဖြစ်၍ ပညာရေးကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် စက်မှုဆိုင်ရာလူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် မိတ္ထီလာခရိုင်အပါအဝင် ခရိုင်များအားလုံး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်း ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ရေခံမြေခံကောင်းသည့် မိတ္ထီလာခရိုင်အတွင်း မိရိုးဖလာစိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိသဖြင့် ဆန်ဖူလုံမှုနည်းပါးနေသေးသည်ကိုတွေ့ရသည်။ ထို့ကြောင့် တစ်ဧကချင်းအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်သွားရမည်ဖြစ်သည်။ စိုက်ပျိုးသည့် သီးနှံအမျိုးအစားအလိုက် ကောက်ကွက်ပြည့်မီရေး ဆောင်ရွက်ပြီး အထွက်တိုးအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စုပေါင်းသမဝါယမစနစ်ဖြင့်ဆောင်ရွက်ပါက ပိုမိုထိရောက်အကျိုးရှိနိုင်သဖြင့် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ဒေသတွင်း မွေးမြူရေးလုပ်ငန်းများကိုပါ အောင်မြင်အောင် ဆောင်ရွက်ကြလျှင် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

မိတ္ထီလာခရိုင်သည် ဝါသီးနှံအတိုင်းအတာတစ်ခုအထိ ထွက်ရှိသည့်ဒေသဖြစ်သဖြင့် ဝါနှင့်ပတ်သက်သည့်စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြင်ကျယ်ကျယ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထွက်ရှိလာသည့်ဝါဂွမ်းများမှ အဆင့်မီသည့် ချည်ထည်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှအထည်အလိပ်နှင့် ချည်ထည်ပစ္စည်းများ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ပြည့်မီပါက ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိတ္ထီလာဒေသကို နိုင်ငံ၏ချည်နှင့် အထည်အလိပ်လုပ်ငန်းများ၌ ဦးဆောင်ဒေသတစ်ခု၊ စံပြခရိုင်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲအနေဖြင့် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်လာအောင် စဉ်ဆက်မပြတ် ကွင်းဆင်းလမ်းညွှန်ဆောင်ရွက်ပေးလျက်ရှိရာ မိတ္ထီလာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သာမန်အခြေအနေမျိုး သဘောမထားဘဲ စံပြဒေသတစ်ခုဖြစ်လာအောင် ဒေသတွင်းတာဝန်ထမ်းဆောင်နေကြသူများ၊ ဒေသခံပြည်သူများအားလုံးက အမြင်ကျယ်ကျယ်ဖြင့် ဝိုင်းဝန်းအားထည့် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment