Wednesday, October 2, 2024

ပြည်သူပါဝင်အောင် စည်းရုံးဆောင်ရွက်

 

ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရေးသည် ယနေ့ မိမိတို့နိုင်ငံ၏ အဓိကလိုအပ်ချက်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံရေးတို့အတွက် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ ယင်းတာဝန်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူတွဲ၍ ထမ်းဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်တွင် “ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေး” ဟူ၍ ပါရှိပြီး လုပ်ငန်းတာဝန်(၆)ရပ်တွင် “ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီး ပြစ်မှုများစုံစမ်းဖော်ထုတ်တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထုလုံခြုံရေး၊ မူးယစ်‌‌ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး” ဟူ၍ပါရှိရာ အဆိုပါတာဝန်များ အောင်အောင်မြင်မြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းရည်တို့အပေါ်တွင် တည်မှီနေသကဲ့သို့ ပြည်သူများပူးပေါင်းပါဝင်လာအောင် စည်းရုံးဆောင်ရွက်နိုင်မှုတို့အပေါ်တွင်လည်း မူတည်လျက်ရှိသည်။

လက်ရှိ မိမိတို့နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကို အကြောင်းပြု၍ ပြည်သူလူထုအတွင်း စိတ်ပိုင်းဆိုင်ရာအရရော လက်တွေ့ဘဝတွင်ပါ မလုံခြုံမှုများကို ခံစားနေကြရသည်။ မြို့စွန်မြို့ဖျား၊ ရပ်ငယ်ရွာငယ်များသာမက မြို့ကြီးပြကြီး မြို့လယ်ကောင်များအထိပင် ဒုစရိုက်သမားတို့က ပေါ်ပေါ်ထင်ထင်၊ အတင့်ရဲစွာ ရာဇဝတ်မှုများ ကျူးလွန်လာကြသည်။ ထို့အပြင် ပြည်သူလူထုအတွင်း ရော‌နှောပုန်းခိုနေသည့် အကြမ်းဖက်သမားများကလည်း လစ်လျှင်လစ်သလို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေကြသည်။ မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ဝင်အင်အားမှာ ဖွဲ့စည်းပုံအရ လိုအပ်ချက်များစွာရှိနေပြီး ရဲနှင့် လူဦးရေအချိုးအစားမှာလည်း ရှိသင့်သည်ထက် ကွာဟလျက်ရှိရာ ယင်းသို့သော အခြေအနေတွင် ပြည်သူလူထုကို စည်းရုံးရေးသည် အလေးအနက်ဆောင်ရွက်ကြရမည့် လုပ်ငန်းတစ်ခုဖြစ်သည်။

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ “ပြည်ထောင်စုတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံတည်ငြိမ်မှုရှိစေရေးဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့်လက်တွဲပူးပေါင်းပြီး ပြစ်မှုကျူးလွန်သူမရှိအောင် ကြိုတင်ကာကွယ်ရေး၊ ပြစ်မှုကျူးလွန်ပါကလည်း တရားခံများကို ချက်ချင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးပြီး ပြစ်မှုအလိုက်ထိရောက်သည့် ပြစ်ဒဏ်ကျခံနိုင်ရေးတို့ကို တရားဥပဒေနှင့်အညီ စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် သစ္စာ၊ သမာဓိ၊ သတ္တိဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူကအထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရသည့် စွမ်းရည်ရှိသည့် ရဲတပ်ဖွဲ့ဖြစ်စေရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။” ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ တိုက်တွန်းမှာကြားချက်နှင့်အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာထမ်းဆောင်နိုင်ရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် လေးစားဂုဏ်ယူမှုတို့ ရရှိရေးအတွက် ရဲတပ်ဖွဲ့ဝင်အားလုံးက ရွပ်ရွပ်ချွံချွံ၊ လေးလေးနက်နက် ကြိုးပမ်းထမ်းရွက်ကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment