Wednesday, October 2, 2024

နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

 

နေပြည်တော် အောက်တိုဘာ ၁

ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။





ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ဦးဆောင်သည့် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ တပ်မတော်ဧည့်ရိပ်သာသို့ လာရောက်၍ စာရင်းကောက်ယူကြသည်။

ပြည့်ပြည့်စုံစုံဖြေကြား

သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့က သန်းခေါင်စာရင်းမေးခွန်းများကို မေးမြန်းဖြည့်စွက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည့်ပြည့်စုံစုံဖြေကြားခဲ့သည်။

အလားတူ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ မိသားစုလူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ မိသားစုလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းတို့ကိုလည်း ၎င်းတို့၏နေအိမ်များသို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြသည်။

နိုင်ငံတစ်နိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအလိုက် ၁၀ နှစ်လျှင် တစ်ကြိမ် ဆောင်ရွက်လျက်ရှိသည်။

အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်

သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များသည် နိုင်ငံတော်အစိုးရအပါအဝင် ဝန်ကြီးဌာနများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲနိုင်ငံအတွင်းရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ်များ၏ ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေ အခြေခံအသုံးပြုရသည့် အချက်အလက်များဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကကောက်ယူ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းတစ်ခုဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာသုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက်ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအချက်အလက်များ ပိုမိုပြီးပြည့်စုံစေရေးအတွက် မေးခွန်း ၂၇ ချက်တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။                  

ကြိုတင်အကြောင်းကြားမည်ဖြစ်

ထပ်မံတိုးမြှင့်ကောက်ခံမည့် အချက်အလက်များမှ ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းဆက်လက် မတက်ရောက်ရသည့်အဓိက အကြောင်းရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ်စသည်ဖြင့် တိုးမြှင့်မေးမြန်းထားသည်ကိုတွေ့ရှိရပြီး ယင်းအချက်များမှာ ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတို့တွင် အစိုးရမှမည်ကဲ့သို့ ဖြည့်ဆည်းပေးရမည်ကို သုံးသပ်သည့် မေးခွန်းများဖြစ်သဖြင့် လက်တွေ့အသုံးဝင်သည့် အချက်အလက်များပင်ဖြစ်ကြောင်း၊ စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်စာရင်းကောက်ယူမည်ဖြစ်ပြီး နေအိမ်များသို့ စာရင်းလာကောက်မည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိခြင်း/ မရှိခြင်းနှင့် မသက်ဆိုင်ကြောင်း၊ တိုင်းရင်းသားဖြစ်ခြင်း၊ မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းထည့်သွင်းမကောက်ရမည့်သူများမှအပ သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းရှိ နေသူအားလုံးကို စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းအားဖြင့် သိရှိရသော ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းတွင် မေးမြန်းထားသော နိုင်ငံခြားသို့ရောက်ရှိနေကြသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှအရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment