လုံခြုံရေးအသိ၊ သတိ၊ အမြင်ဖြင့်ဆောင်ရွက်
ပြည်သူများ အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်များ အားလုံးတွင် ရှိထားကြဖို့ လိုအပ်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသများတွင် အေးချမ်းစွာနေထိုင်ကြပြီး လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်ရေးအတွက် လှုပ်ရှားရုန်းကန် လုပ်ကိုင်နေကြသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိသည်။
မျက်မှောက်ကာလတွင် လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးကို
နယ်ပယ်စုံ ကဏ္ဍစုံတို့၌ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ
အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှု၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း၊
မကြာမီကာလတွင် ကျင်းပတော့မည့် (၂၅) ကြိမ်မြောက် ငွေရတုမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊
အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပခြင်း၊ အမျိုးသားအားကစားပွဲတော်ကျင်းပခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်
အစည်းအဝေးပြုလုပ်ခြင်း စသည့် နိုင်ငံတော်အဆင့်ပွဲများပြုလုပ်ခြင်း၊ ပြုလုပ်ရန်စီစဉ်လျက်ရှိခြင်းတို့ကို
ဆောင်ရွက်လျက်ရှိသည်။
ထိုအချိန်ကာလတွင် နိုင်ငံတော်နှင့် ပြည်သူများ၏
အကျိုးစီးပွားကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေ၊ ပြုလုပ်ရန်ကြံစည်အားထုတ်နေသည့်
အကြမ်းဖက်အဖျက်သမားများ၏အန္တရာယ်ကို အားလုံးက လုံခြုံရေးအသိ၊ လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်များဖြင့်
ကာကွယ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ “အကြမ်းဖက် သမားများအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့
စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာပြည်သူ့လုံခြုံရေးနှင့်
အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူပူးပေါင်း၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့်
စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှသာလျှင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း”
စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လုံခြုံရေးနှင့်ပတ်သက်၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိဘဲ
ပြည်သူလူထု ပူးပေါင်းပါဝင်သည့် လုံခြုံရေးသာလျှင် ပိုမိုအားကောင်းခိုင်မာနိုင်မည်ဖြစ်သည်။
ပြည်သူ့လုံခြုံရေးသည် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ပြည်သူများက အသိရှိရှိဖြင့်
ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ ပြည်သူများက မိမိတို့ရပ်ရွာ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍
တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည်ဆိုပါက လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူနိုင်ပြီး
လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ လျော့နည်းသွားမည်ဖြစ်သည်။
ယခုအခါ မြို့နယ်အလိုက်၊ လမ်းမကြီးများအလိုက်
စစ်ဆေးရေးနေရာများတွင် လုံခြုံရေးအဖွဲ့အစည်းများ ထားရှိပေးထားသည်။ ပြည်သူ့လုံခြုံရေးနှင့်
အကြမ်းဖက်နှိမ်နင်းရေးကြီးကြပ်မှုအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိသည်။ နယ်မြေဒေသလုံခြုံရေးအတွက်
လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးက ပြည်သူများနှင့်အတူ
ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အကြမ်းဖက်သမားများသည် ပြည်သူများကြားတွင်
စိမ့်ဝင်ရောနှောနေထိုင်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများသာမက ဒေသခံပြည်သူများကလည်း
လုံခြုံရေးအမြင်ဖြင့် မြင်တတ်သိတတ်ရန်လိုအပ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်
ပြည်သူများအနေဖြင့် ပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်းသာ လှုပ်ရှားသွားလာလုပ်ကိုင်နေကြသော်လည်း
မမြင်နိုင်သည့် အကြမ်းဖက်သမားများမှာ လူထုကြားမှနေ၍ မိမိတို့အား စောင့်ကြည့်နေသည်ကို
အထူးသတိပြုကြရမည်ဖြစ်သည်။
လုံခြုံရေးနှင့်ပတ်သက်၍ လုံခြုံရေးပိုင်းဆိုင်ရာ
အဖွဲ့အစည်းများသာမက အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့အစည်းများကလည်း တာဝန်ရှိပြီး တာဝန်ယူထားသည့်
မြို့နယ်များ၏ အချက်အလက်များ၊ ဖြစ်ပေါ်ပြောင်းလဲနေမှုများကို အမြဲမပြတ် သတိရှိနေရမည်ဖြစ်ကာ
လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို ကြိုတင်သုံးသပ်
တွက်ချက်ထားရမည်ဖြစ်သည်။ ထို့အပြင် မြို့နယ်အလိုက် တရားဥပဒေစိုးမိုးရေး၊ နေထိုင်မှုစည်းကမ်းများ
စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာကောင်းမွန်ရေးတို့ကို အစဉ်အမြဲ ကြပ်မတ်ဆောင်ရွက်နေရမည်ဖြစ်သည်။
အလုပ်အကိုင်အခွင့်အလမ်းများပေါများရာမြို့ကြီးများသို့ ပြောင်းရွှေ့လာရောက်နေထိုင်သူများ
များပြားသည့်အတွက် နေထိုင်မှုနှင့် လုံခြုံဘေးကင်းမှုရှိစေရေးကို သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြို့နယ်အလိုက်၊ ခရိုင်အလိုက်
ပြည်သူများ စိတ်ချမ်းမြေ့အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တာဝန်များကို ရိုးရိုးသားသား
မှန်မှန်ကန်ကန်ဆောင်ရွက်ပြီး အုပ်ချုပ်ရေးဆိုင်ရာအနှစ်သာရများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်
လုံခြုံရေးအသိ၊ လုံခြုံရေးသတိ၊ လုံခြုံရေးအမြင်များဖြင့် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းပြီး
တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment