တရားမဝင်ကုန်သွယ်မှုများကို
နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်က တားဆီးစစ်ဆေးခြင်းအပြင် ပြည်တွင်းသိုလှောင်ရုံများနှင့်
ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်
နေပြည်တော် အောက်တိုဘာ ၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးဝင်းရှိန်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး များ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်၊
အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တရားမဝင်ကုန်သွယ်မှု မဖြစ်မနေတားဆီးကာကွယ်ကြရမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီနှင့်
အဆင့်ဆင့်သော ပြည်နယ်နှင့်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အသီးသီးတို့၏
လုပ်ငန်းတာဝန်များအနက် အဓိကမှာ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး
အဟန့်အတားဖြစ်စေမည့် တရားမဝင်ကုန်သွယ်မှုကိစ္စများနှင့် တရားမဝင်ကုန်သွယ်မှုကိစ္စများကြောင့်
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ၏
ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှုအားများကို
ရုတ်လျော့စေခြင်း၊ ယှဉ်ပြိုင်နိုင်မှုဆုတ်ယုတ်စေခြင်း၊ မဖြစ်ပေါ်စေခြင်းအလို့ငှာ တရားမဝင်ကုန်သွယ်မှုလုပ်ဆောင်နေခြင်းများကို
ပြတ်ပြတ်သားသား တားဆီးကာကွယ်ရမည့် တာဝန်ဖြစ်ကြောင်း၊ သို့မှသာ ကုန်ထုတ်လုပ်မှုနှင့်
ဈေးကွက်ယှဉ်ပြိုင်နိုင်မှုမှတစ်ဆင့် ပို့ကုန်ကဏ္ဍနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ မြင့်မားတိုးတက်လာစေခြင်း၊
၎င်းမှတစ်ဆင့် ပြည်တွင်းသုံးစွဲမှု ငွေလည်ပတ်မှုအားကောင်းစေမည့် ကဏ္ဍအပါအဝင် နောက်ဆုံး
ပြည်ပပို့ကုန်တင်ပို့နိုင်မှုကို ပိုမိုဖွံ့ဖြိုးတိုးတက်စေလျက် နိုင်ငံခြားငွေစီးဆင်းမှုကလည်း
မြန်ဆန်သွက်လက်မှုဖြစ်ပေါ်စေပြီး နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုအခန်းကဏ္ဍအပိုင်းဘက်ကလည်း
တစ်ပါတည်း လိုက်ပါဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ မိမိတို့၏ လုပ်ငန်းတာဝန်များသည် ကြီးမားပြီး
တရားမဝင်ကုန်သွယ်မှုကို မဖြစ်မနေ တားဆီးကာကွယ်ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် သယံဇာတပေါကြွယ်ဝပြီး
စိုက်ပျိုးရေးကို အဓိကအခြေခံသောနိုင်ငံဖြစ်သည့်အတွက် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရာတွင်
သဘာဝသယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များကို အဓိကထုတ်လုပ်ခြင်းများကို
အားပေးနေရမည်ဖြစ်သကဲ့သို့ ထုတ်ကုန်တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အမယ်သစ်များ
တင်ပို့နိုင်ရန်အတွက်လည်း နိုင်ငံတော်မှ စီမံချက်များ ချမှတ်ဆောင်ရွက်နေသည့် အသေးစား၊
အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) လုပ်ငန်းများကိုလည်း အင်တိုက်အားတိုက်
အားပေးဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် တရားမဝင်ကုန်သွယ်မှုများသည်
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ်
များစွာဆိုးကျိုးသက်ရောက်စေကြောင်း။
တရားမဝင်ကုန်သွယ်မှုများ တိုးမြှင့်ဖမ်းဆီးရရှိနိုင်ရေး
အလေးထားဆောင်ရွက်
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန်
ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့သည်မှာ (၁၆)
ကြိမ်ရှိပြီဖြစ်ကြောင်း၊ အစည်းအဝေး (၁၅)ကြိမ်အထိ ဆုံးဖြတ်ချက် (၅၂၃) ချက်ချမှတ်ခဲ့ပြီး
ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂) နှစ်နှင့်
(၈)လ ကာလအတွင်း အမှုတွဲ (၁၄၆၅၉) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၃၀၀ ဒသမ ၀၂၈) ဘီလီယံဖမ်းဆီးရမိခဲ့ကြောင်း၊
ယင်းပမာဏမှာ နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖြင့်ကြည့်လျှင် အနည်းငယ်သာရှိကြောင်း၊ ဖမ်းဆီးရရှိမှုကို
ကြည့်ရမည်ဆိုပါက တရားမဝင်ကုန်သွယ်မှုများကို တိုးမြှင့်ဖမ်းဆီးရရှိနိုင်ရေး အလေးထားဆောင်ရွက်
သွားကြရမည်ဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း
ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိမှုအနေဖြင့်
မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က
တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို
စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်ဖမ်းဆီးရရှိမှုများက
အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးက
ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှု၏အန္တရာယ်ကို
အမြဲစောင့်ကြည့်ပြီး ထိန်းကျောင်းနိုင်ရန်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်၊
အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်၊ နည်းပညာအဟန့်အတားများဆိုင်ရာ သဘောတူညီချက်နှင့် ကုန်သွယ်မှုနှင့်ဆက်နွှယ်သည့်
မူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်များပါဝင်သည့် ပြဋ္ဌာန်းချက်များကို အသုံးပြုပြီး
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကမ္ဘာ့စီးပွားရေးဖိုရမ်၏
လေ့လာတွေ့ရှိချက်များအရ တရားမဝင်ကုန်သွယ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၅ ရာခိုင်နှုန်းမှ
၁၅ ရာခိုင်နှုန်းအထိရှိပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို ဆိုးရွားသော အကျိုးဆက်များ
ဖြစ်ပေါ်စေနိုင်ကြောင်းကို သုံးသပ်ထားကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး နိုင်ငံဖြတ်ကျော်မဟာမိတ်အဖွဲ့၏
အစီရင်ခံစာတွင် တရားမဝင်ကုန်သွယ်မှုများအနေဖြင့် ပါဆယ်ထုပ်ငယ်များနှင့် အွန်လိုင်းဈေးဝယ်ယူမှု
တိုးတက်လာခြင်း၊ အွန်လိုင်းဈေးကွက်များနှင့် e-Commerce Platform များ တိုးပွားလာခြင်းများက
သိသာထင်ရှားသည့် တရားမဝင်ကုန်သွယ်မှုပမာဏ တိုးတက်စေခြင်းဖြစ်ကြောင်းကို ဖော်ပြထားကြောင်း၊
ထို့အပြင် လွတ်လပ်သည့်ကုန်သွယ်မှုဇုန်-Free Trade Zones (FTZs) များအနေဖြင့် တရားဝင်ကုန်သွယ်မှုမြှင့်တင်ရန်နှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်အတွက် အထူးဒေသများအဖြစ် လွတ်လပ်စွာ
ကုန်သွယ်မှုပြုထားသော်လည်း ပြန်လည်သုံးသပ်မှုများအရ တရားမဝင်ကုန်သွယ်မှုအတွက် အထူးစိုးရိမ်စရာနေရာများဖြစ်သည်ဟု
ဖော်ပြထားကြောင်း၊ မိမိတို့၏ သီလဝါအထူးစီးပွားရေးဇုန်တွင်လည်း တရားဝင်ကုန်ပစ္စည်း တင်သွင်းခွင့်ရရှိမှုအပေါ်
ကျော်လွန်၍ တရားမဝင်ကုန်သွယ်မှုပြုလုပ်ခြင်းအပါအဝင် နိုင်ငံအတွင်း ထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိမှုအပေါ်
အချို့သော FDI များက ကုန်ထုတ်လုပ်မှုအား ဟန်ပြသာဆောင်ရွက်၍ ပြည်ပမှပင် ကုန်ချောပစ္စည်းများကို
ဈေးပေါပေါဖြင့် တင်သွင်းဆောင်ရွက်နေခြင်းများကိုလည်း သတိပြုတိုက်ဖျက်ရမည်ဖြစ်ကြောင်း၊
ကျန်ဆောင်ရွက်ဆဲ အထူးစီးပွားရေးဇုန်များမှတစ်ဆင့် ပြည်တွင်းစက်မှုဇုန်များ၌လည်း အထက်ပါကိစ္စရပ်များ
မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများအနေဖြင့် မည်သည့်နိုင်ငံကမှ
တရားမဝင်ကုန်သွယ်မှုများကို အမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်သေးကြောင်းကို တွေ့ရှိရပြီး
မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းရောင်းဝယ်မှုများနှင့် ငွေကြေးခဝါချမှုများကို သီးခြားနည်းလမ်းရွေးချယ်ပြီး
တားဆီးကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ပြေးညီဆောင်ရွက်ပါက စည်းကမ်းလိုက်နာသူများပါ
နှောင့်နှေးနစ်နာပြီး အခြားနိုင်ငံများနှင့် ဈေးကွက်ရအောင် ယှဉ်ပြိုင်ရာတွင် ခက်ခဲမှုများရှိလာနိုင်သည်ကိုလည်း
ဂရုပြုကြရန်လိုကြောင်း။
ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍများ
ဖွံ့ဖြိုးတိုးတက်ရန်လို
နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက်
ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်စေရန်
အဓိက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးနှင့် မွေးမြူရေး စီးပွားရေးလုပ်ငန်းများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးရန်
နိုင်ငံတော်မှ တာဝန်ပေးအပ်ထားသည့် ဝန်ကြီးဌာနအသီးသီးကလည်း ပေးအပ်ထားသည့် ရည်မှန်းချက်တာဝန်များကို
အပြည့်အဝ အောင်မြင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊
သွင်းအားစုအပါအဝင် တိရစ္ဆာန်အစာ၊ ကာကွယ်ဆေးကဲ့သို့ လိုအပ်ချက်များကိုလည်း စိုက်ပျိုးမွေးမြူသူ
တောင်သူများလက်ဝယ်သို့ ရာသီကာလအလိုက် တောင်သူများလက်ဝယ်သို့ အချိန်မီရောက်ရှိနိုင်ရေး
ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း ဦးစားပေးမှုကို အခွင့်ကောင်းယူပြီး
မလိုလားအပ်သည့် ကုန်ပစ္စည်းများကို ရောနှောသယ်ဆောင်မှု မရှိစေရေးနှင့် အကြိမ်ကြိမ်တင်သွင်းခွင့်များ
မရှိစေရေးကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် စနစ်တကျ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်
လိုအပ်မည်ဖြစ်ကြောင်း။
ထို့အပြင် တရားမဝင်ကုန်စည်များ နယ်စပ်ဖြတ်ကျော်တင်သွင်းလာခြင်းကြောင့်
ပြည်ပနိုင်ငံများကတစ်ဆင့် ကူးစက်ရောဂါပိုးများ ပါဝင်လာပါက ပြည်တွင်းစိုက်ပျိုးမွေးမြူထုတ်လုပ်သည့်
လုပ်ငန်းများတွင် ရောဂါကူးစက်ကာ ထိခိုက်ဆုံးရှုံးမှုများ ပေါ်ပေါက်စေမည်ဖြစ်ပြီး တရားမဝင်ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်
အလှကုန်များကြောင့်လည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေပြီး အရည်အသွေးပြည့်မီခြင်းမရှိသည့်
အိမ်သုံးလျှပ်စစ်ပစ္စည်းအတုများကြောင့် မီးဘေးအန္တရာယ် ကြုံတွေ့ရနိုင်သည်ကိုလည်း သတိပြုရန်လိုအပ်မည်ဖြစ်ကြောင်း။
ကုန်ဈေးနှုန်းတည်ငြိမ်မှုကို
ထိခိုက်စေ
ကုန်စည်တင်သွင်းမှုများတွင် အခွန်ပေးဆောင်ခြင်းမရှိဘဲ
စံချိန်စံညွှန်းနှင့် အရည်အသွေးမပြည့်သည့် တရားမဝင်ကုန်စည်များ တင်သွင်းခြင်းကြောင့်
နိုင်ငံခြားသုံးငွေ မှောင်ခိုဈေးကွက် အားကောင်းလာစေပြီး တစ်ဖက်တွင်လည်း တရားမဝင် သယ်ယူရောင်းချရသည့်အတွက်
တစ်ဖက်ကုန်သွယ်ဖက်နိုင်ငံများက ကုန်သည်များ၏ လိုသလိုဈေးကစားခွင့် ဖြစ်ပေါ်စေကြောင်း၊
တရားမဝင်ဆောင်ရွက်သည့်လုပ်ငန်းများ အားကောင်းလာခြင်းကြောင့်လည်း ပြည်တွင်းဈေးကွက်တွင်
ကုန်ဈေးနှုန်းတည်ငြိမ်မှုကို ထိခိုက်စေကြောင်း။
တရားမဝင်တင်သွင်းခြင်များကြောင့် အကျိုးဆက်အနေဖြင့်
တရားဝင်လုပ်ငန်းများ ပြည်တွင်းတွင်ဈေးနှုန်းမယှဉ်နိုင်ဘဲ ဈေးကွက်ဝေစုပေးလိုက်ရခြင်းကြောင့်
ရေရှည်တွင်လုပ်ငန်းရပ်တည်နိုင်ရန် ခက်ခဲလာစေပြီး တရားဝင်ရပ်တည်လုပ်ကိုင်သည့် လုပ်ငန်းရှင်များအနေဖြင့်
စီးပွားရေးအင်အား လျော့နည်းကျဆင်းလာကာ ရေရှည်အတွက် လုပ်ငန်းတိုးချဲ့လိုစိတ်မရှိတော့ဘဲ
လုပ်ချင်ကိုင်ချင်စိတ်များ ကျဆင်းလာနိုင်ကြောင်း၊ နောက်ဆုံးတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ
ရပ်ဆိုင်းသွားနိုင်ကြောင်း၊ နိုင်ငံအတွင်း လုပ်ငန်းများ ရှင်သန်ကြီးထွားနိုင်ခြင်းမရှိပါက
နိုင်ငံ၏စီးပွားရေးဦးတည်ချက်များကိုပါ ထိခိုက်လာစေမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အောင်မြင်မှုမရှိဘဲ
စိုက်ပျိုးစွမ်းအား၊ ကုန်ထုတ် စွမ်းအား၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှုစွမ်းအားများကို
ထိခိုက်စေကြောင်း။
တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်ရခြင်းနှင့်ပတ်သက်၍
အကြောင်းရင်းများစွာရှိသည့်အနက် အဓိကစိန်ခေါ်မှုပြဿနာမှာ နိုင်ငံ၏နယ်စပ်ဒေသ အချို့နေရာများတွင်
လုံခြုံရေးအရ စောင့်ကြည့်ထိန်းသိမ်းရန် ကန့်သတ်ချက်များရှိနေခြင်း၊ အချို့ဥပဒေရေးရာများတွင်
အားနည်းမှုရှိခြင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့်
ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် အကျင့်ပျက်မှုများရှိနေခြင်းကလည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာတွင်
စိန်ခေါ်မှုများအဖြစ် တွေ့ရှိရကြောင်း၊ အဆိုပါ အချက်များကိုလည်း အတတ်နိုင်ဆုံး ကာကွယ်တားဆီးရန်လိုအပ်ကြောင်း။
ထို့အပြင် နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံခြားငွေသုံးစွဲမှုကို
လျှော့ချပြီး သွင်းကုန်ပစ္စည်းတင်သွင်းမှုကို စိစစ်ကန့်သတ်မှုအပေါ်တွင် အခွင့်ကောင်းယူပြီး
ပြည်တွင်းလိုအပ်ချက်ရှိသည့် ကုန်စည်များကို တရားမဝင်တင်သွင်းမှုများ ပြုလုပ်နေသည်ကို
ယခုကာလအတွင်း အများဆုံးတွေ့ရှိရကြောင်း၊ ၎င်းကို ထိထိရောက်ရောက် တားဆီးစစ်ဆေး ဖမ်းဆီးနိုင်ရန်လိုပြီး
မဆောင်ရွက်နိုင်ပါက နိုင်ငံအတွက် အခွန်ဝင်ငွေမရရှိဘဲ တရားမဝင်ကုန်သွယ်မှုများ ကြီးထွားလာနိုင်သကဲ့သို့
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းအသီးသီးကိုလည်း သက်ဆိုးရှည်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်
တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်တားဆီးရန်လိုကြောင်း။
တရားမဝင်ကုန်သွယ်မှုများကို
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်
တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တရားမဝင်
ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် စစ်ဆေးရေးဂိတ်များတွင် မလိုလားအပ်သည့် ကုန်ကျစရိတ်များ၊ အချိန်ကြန့်ကြာမှုများ
မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် တရားမဝင်ရှောင်ကွင်းလမ်းများတွင် ရှောင်တခင်စစ်ဆေးခြင်း၊
မဖြစ်မနေဖြတ်သန်းသွားလာမည့် နေရာများတွင် စနစ်တကျစစ်ဆေးခြင်းများအပြင် နိုင်ငံ၏ သယံဇာတပစ္စည်းများ
တရားမဝင်ထုတ်လုပ်မှု မရှိစေရေးနှင့် တရားမဝင်ကုန်သွယ်မှုများကို ထိထိရောက်ရောက် ပိုမိုတားဆီးစစ်ဆေးပြီး
ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ကြရန်လိုကြောင်း။
တရားမဝင်ကုန်သွယ်မှုများကို နယ်စပ်ဒေသနှင့်
ကုန်သွယ်မှုလမ်းကြောင်းပေါ်က တားဆီးစစ်ဆေးခြင်းအပြင် ပြည်တွင်းသိုလှောင်ရုံများနှင့်
ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းက
သယံဇာတပစ္စည်းများ တရားမဝင်ထုတ်လုပ်နေမှုကိုလည်း ထိထိရောက်ရောက် တားဆီးစစ်ဆေးအရေးယူကြရန်လိုကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ထမ်းဆောင်ကြသည့်
တာဝန်ကျဝန်ထမ်းများအနေဖြင့် နိုင်ငံအတွက် ရိုးသားစွာ တာဝန်ထမ်းဆောင်ကြရန်လည်း လိုအပ်ကြောင်း၊
တာဝန်ကျဝန်ထမ်းများကို ဦးဆောင်ရသည့် တာဝန်ခံအရာရှိများအနေဖြင့် စံနမူနာပြဦးဆောင်ပြီး
ကိုယ်တိုင်ရိုးသားရန်လိုအပ်သကဲ့သို့ လက်အောက်တာဝန်ကျဝန်ထမ်းများ၏ အခြေအနေကို အမြဲမပျက်
စောင့်ကြည့်သုံးသပ် ကြပ်မတ်ဆောင်ရွက်နေရန်လည်း လိုအပ်ကြောင်း။
သတင်းမှန်ပေးပို့သူများကို
အသိအမှတ်ပြု
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ
တားဆီးရာတွင် သတင်းရရှိမှုသည် အရေးကြီးကြောင်း၊ ဖမ်းဆီးရရှိမှုများအနက် တာဝန်သိပြည်သူများ၏
သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း သတင်းရရှိမှု
(၉၇) ကြိမ်ရရှိခဲ့ပြီး သတင်းမှား (၃)ကြိမ်၊ နောက်ကျ သတင်း (၃)ကြိမ်၊ သတင်းမှန် (၉၁)
ကြိမ်ဖြစ်ကြောင်း၊ သတင်းမှန်ပေးပို့မှု အကြိမ်အရေအတွက် ပိုမိုများပြားလာခြင်းက မိမိတို့၏လုပ်ငန်းတာဝန်များ
ပိုမိုအောင်မြင်ရေးတွင် များစွာအထောက်အကူပြုလျက်ရှိကြောင်း၊ မိမိတို့ဦးဆောင်ကော်မတီမှလည်း
သတင်းမှန်ပေးပို့သူများကို အသိအမှတ်ပြုပါကြောင်းနှင့် သတင်းပေးသူအတွက် ရပိုင်ခွင့်ကိုလည်း
သတ်မှတ်နှုန်းထားများအတိုင်း ဆုကြေးငွေချီးမြှင့်ပေးနိုင်ရေး မိမိတို့ဦးဆောင်ကော်မတီမှ
အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သတင်းရရှိမှုများကြောင့် ဖမ်းဆီးရမိမှု
အမှုတွဲ(၁၁၇)မှုနှင့် ဖမ်းဆီးရမိမှုတန်ဖိုးကျပ်(၂၁၄၀ ဒသမ ၉၅၁)သန်း ဖမ်းဆီးရမိခဲ့ကြောင်း၊
ဖမ်းဆီးရမိပစ္စည်းများအနေဖြင့် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်များနှင့်
တရားမဝင်မော်တော်ယာဉ်များ ပါဝင်ကြောင်း။
တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်နေကြသူများသည်
နည်းလမ်းမျိုးစုံအသုံးပြုပြီး ဆောင်ရွက်နေကြသကဲ့သို့ မိမိတို့တားဆီးသူများအနေဖြင့်လည်း
လုပ်ထုံးလုပ်နည်းများအရဖြစ်စေ၊ စစ်ဆေးမှုအခြေအနေများအရဖြစ်စေ၊ ပျော့ကွက်ဟာကွက်မရှိအောင်
စီမံတားဆီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကာလအတွင်း သတင်းပေးပို့မှု (၅) ကြိမ်ရှိပြီး
ဖမ်းဆီးရရှိမှုမှ သတင်းပေးသူအား ဆုကြေး (၂)ဘီလီယံကျပ်ခန့် သတ်မှတ်ရာခိုင်နှုန်းအရ ထိုက်တန်စွာ
ဂုဏ်ပြုချီးမြှင့်ခဲ့ပါကြောင်း။
ဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုပါက ပြီးခဲ့သည့်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လတို့၏ ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက
ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှု ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကို
ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်ခြင်းသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏
ကြီးကြပ်ကွပ်ကဲမှု၊ အကောက်ခွန်ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများ၏ အားစိုက်ကြိုးပမ်းမှုဖြစ်သကဲ့သို့
သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း၊
အထူးအဖွဲ့များ၊ ဌာနဆိုင်ရာများအနေဖြင့် ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ
မြန်မြန်ဆန်ဆန် လိုက်ပါဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် ထိထိမိမိဖမ်းဆီးရမိရေး၊ အဂတိတရားကင်းရှင်းရေး၊ တရားဝင်ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးတို့အပြင် ပင်မရည်မှန်းချက်ဖြစ်သည့် တရားမဝင်ကုန်သွယ်မှုလျော့ကျရေး၊
တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရောက်ရှိရေးနှင့် တရားမဝင်ကုန်သွယ်မှု၏ ဆိုးကျိုးများကို
အများပြည်သူသိရှိစေရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်သွားရန်
လိုအပ်ကြောင်း။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တိုင်းဒေသကြီး/ပြည်နယ်အထူးအဖွဲ့များ၊
သက်ဆိုင်ရာဌာနများကြား ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကြရန်
ပြည်တွင်းသယံဇာတများ တရားမဝင်ထုတ်လုပ်နေမှုကို ထိထိရောက်ရောက် တားဆီးအရေးယူရန်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင်
တာဝန်ကျဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရန်၊ တာဝန်ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊
လုံခြုံရေးသတိဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို
ထိထိရောက်ရောက် တားဆီးကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ
အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက
ဦးဆောင်ကော်မတီအစည်းအဝေး (၃/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့်
ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင်
ညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးသင့်မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)
သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြကြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းရှိန်၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ၊ ကာကွယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများနှင့်
တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ မူးယစ်ဆေးဝါး၊
ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်သစ်များ၊ ယာဉ်များ၊ စက်သုံးဆီများ၊ စားသောက်ကုန်၊
ဆေးဝါးနှင့် အလှကုန်ပစ္စည်း ဖမ်းဆီးရမိမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့်
အခြေအနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ချက်များနှင့်
ကုန်သွယ်ရေးစခန်းများ၌ ကုန်စည်စီးဆင်းနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍
ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment