ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
နေပြည်တော် အောက်တိုဘာ ၉
မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စေတနာရှင်၊ အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော
ရေဘေးကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုအခြေအနေများ၊ ရှာဖွေကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ
ဆောင်ရွက်ခဲ့မှုအခြေအနေများကို မှတ်တမ်းတင်ထားသည့် “ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှား
မွန်မြတ်စိတ်ထားတွဲလက်များနှင့် ကူညီထမ်းဆောင်” Video Clip ကို ဖွင့်လှစ်ပြသသည်။
အလှူငွေများအသီးသီးပေးအပ်လှူဒါန်း
ထို့နောက် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊
တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊
အလှူရှင်များက ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့်
ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်းကြရာ
ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး
မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး
ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒေါက်တာကံဇော်၊
ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့်
လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင်
ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် စေတနာရှင်၊ အလှူရှင်များအားလုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်
ပြည့်စုံကြပါစေရန် နှုတ်ခွန်းဆက်သအပ်ပါကြောင်းဖြင့် ဦးစွာပြောကြားပြီး ရာဂီမုန်တိုင်းနှင့်
ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေကြီးရေလျှံမှု သဘာဝဘေးဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည့်
အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်
ကြုံတွေ့ခဲ့မှုကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊
နိုင်ငံတော်အစိုးရမှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင်၊ အလှူရှင်များအနေဖြင့်
တတ်နိုင်သရွေ့ လှူဒါန်းခြင်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း၊
ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဖြင့်
အမြန်ဆုံးဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲများ ဆောင်ရွက်ခဲ့ရာတွင် ပထမအကြိမ်၌
ငွေကျပ် ၃၂ ဘီလီယံကျော်ရရှိခဲ့ပြီး ဒုတိယအကြိမ်တွင် ငွေကျပ် ၁၀ ဘီလီယံ ကျော်ကိုရရှိခဲ့ကြောင်း၊
စေတနာရှင်၊ အလှူရှင်များအနေဖြင့်လည်း အခက်အခဲများကြားမှ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး
ထင်မှတ်မထားလောက်သည့် များပြားသော အလှူငွေပမာဏများဖြစ်ကြောင်း၊ ယနေ့တွင်ပြုလုပ်သည့်
တတိယအကြိမ် အလှူငွေပေးအပ်ပွဲသို့ စိတ်စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လာရောက်လှူဒါန်းပေးကြသည့်အတွက်လည်း
စေတနာရှင်၊ အလှူရှင်များအားလုံးကို နိုင်ငံတော်အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်
သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခြေအနေများ ကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊
ပြည်ပအဖွဲ့အစည်းအသီးသီးမှလည်း လှူဒါန်းမှုများရှိကြောင်း၊ အလားတူ ဒေသအသီးသီးတွင်လည်း
လူမှုရေးအသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ၎င်းတို့အစီအစဉ်ဖြင့် လိုက်လံကူညီလှူဒါန်းပေးနေခြင်းများရှိပြီး
၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားကြသည်ကိုတွေ့ရှိရကြောင်း၊
ထိုသို့ ကူညီဆောင်ရွက်ပေးနေမှုများအပေါ်လည်း အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း
မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင်လည်း
နိုင်ငံတော်အစိုးရနှင့်အတူ စေတနာရှင်၊ အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း၊
မိမိတို့နိုင်ငံသားများအနေဖြင့် လူမှုရေးကိစ္စရပ်များတွင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့်
လှူဒါန်းလိုသည့် စိတ်ရင်းစေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ
တွေ့မြင်ရခြင်းပင်ဖြစ်ကြောင်း။
ယခုဖြစ်စဉ်တွင် ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအနေဖြင့်
ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် လက်လှမ်းမီသည့် ရရာပစ္စည်းများကိုသာယူ၍
ဘေးလွတ်ရာသို့ ရေဘေးရှောင်ခဲ့ရခြင်းဖြစ်သည့်အတွက် တစ်ဦးချင်းစီအလိုက်၊ မိသားစုချင်းစီအလိုက်
ပျက်စီးဆုံးရှုံးမှုပမာဏများ များပြားကြောင်း၊ ယခင်နှစ်ပေါင်းများစွာကတည်းက ရေကြီးရေလျှံမှု
တစ်ကြိမ်မျှဖြစ်ပေါ်ခဲ့ခြင်းမရှိသည့် ဒေသများ၌ မျှော်လင့်မထားသည့် ညအချိန်တွင် တောင်ကျရေများ
ရုတ်တရက် အရှိန်အဟုန်အလုံးအရင်းဖြင့် စီးဆင်းလာခြင်းကြောင့် အချို့မှာ ရှောင်တိမ်းချိန်မရဘဲ
အသက်ဆုံးရှုံးခဲ့ရမှုများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့်
ထိခိုက်ပျက်စီးခဲ့ရမှုများအနက် ပျက်စီးမှုအများဆုံးပင်ဖြစ်ကြောင်း၊ လူနေအိမ်များနှင့်
စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်း၊ တံတားများ၊ လျှပ်စစ်တာဝါတိုင်များလည်း
ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အလားတူ မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ရကြောင်း။
ရေဘေးသင့်ခဲ့ရသည့် ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အလှူရှင်များအနေဖြင့်လည်း ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းပေးခြင်းကြောင့်
လုပ်ငန်းများ ပိုမိုမြန်ဆန်စွာဖြင့် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ
ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်ဘီလီယံ ၅၀ ကျော် ရှိပြီဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် နှစ်စဉ်ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လိုအပ်သည့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အင်းလေးကန်၌
ရေကျဆင်းမှုမရှိသေးကြောင်း၊ အလားတူ လောပိတနှင့် အထက်ပေါင်းလောင်းတို့တွင်လည်း ရေဝင်ရောက်မှု
များပြားနေသောကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို လုပ်ဆောင်၍မရသေးကြောင်း၊
မိမိတို့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အချိန်ယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
မိုးများသည်းထန်စွာရွာသွန်းခဲ့ချိန်တွင် ဆည်မြောင်းများအတွင်း ရေများဝင်ရောက်လျက်ရှိခြင်းကြောင့်
စိုက်ပျိုးရေအတွက် လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်
လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့်
စေတနာရှင်၊ အလှူရှင်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို
ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ထိခိုက်ခဲ့ရသည့်
စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်သကဲ့သို့ ကုန်ထုတ်လုပ်မှုများကိုလည်း
ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားပါက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။
ပြည်တွင်း ကုန်ပစ္စည်းထုတ်လုပ်မှုကောင်းမွန်မှသာ
ပို့ကုန်များရရှိမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို
အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ၏သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲခြင်းမှာ
ပြန်လည်ဖြည့်တင်းရန် ကန့်သတ်ချက်များရှိခြင်းကြောင့် အတတ်နိုင်ဆုံး ထုတ်ယူသုံးစွဲခြင်းကို
မပြုလုပ်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူဦးရေထက်ဝက်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို
ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပို့ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ
မြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ Non Trade နှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက်
ရငွေများရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နည်းပါးလျက်ရှိခြင်းကြောင့်
ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေး လုပ်ငန်းရှင်များအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊
ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ကြစေလိုကြောင်း။
ရေဘေးသင့်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများ
ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍
နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အခြားလိုအပ်သည့် ပရိဘောဂပစ္စည်းများနှင့်
အသုံးအဆောင်ပစ္စည်းများကိုလည်း အလှူရှင်များအနေဖြင့် လှူဒါန်းပေးနိုင်ကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် ၎င်းတို့ ကြုံတွေ့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း
ပြန်လည်ကုစားပေးနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက်
အတတ်နိုင်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး တွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့
ရေဘေးသင့်ဒေသများအတွက် လှူဒါန်းမှုများသည် တန်ဖိုးမဖြတ်နိုင်သည့် လှူဒါန်းမှုများပင်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ
သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ
ကျင်းပနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊
နိုင်ငံရေးလုပ်ဆောင်ခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊
ယခုကဲ့သို့ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံ့အရေးအတွက်
အားတတ်သရော လာရောက်လှူဒါန်းပေးမှုများအတွက်လည်း စေတနာရှင်၊ အလှူရှင်များကို နိုင်ငံတော်အနေဖြင့်
အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းကို ထပ်လောင်းပြောကြားလိုကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး
လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ
ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် အလှူငွေစုစုပေါင်း
ငွေကျပ် ၁၁ ဒသမ ၉၇ ဘီလီယံကျော်ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment