Thursday, October 17, 2024

စည်း၊ ဝါး နားလည်အောင်၊ သီချင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင်လုပ်ပြီး ယှဉ်ပြိုင်စေချင်တယ်၊ အနည်းဆုံးတော့ ဆုမရရင်တောင် ပညာရမယ်လို့ထင်ပါတယ်

အေးဆုသန့်ဇင်

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အောက်တိုဘာ ၁၆ ရက်တွင် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ ရင်တွင်းခံစားချက်စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

 








မမိုးပြည့်စုံသူ (ကချင်ပြည်နယ်)

ကဗျာလွတ်အကပြိုင်ပွဲ

မနှစ်က ပြိုင်ပွဲမှာ တစ်ပင်တိုင် အကဝင်ပြိုင်ဖူးတယ်။ ဒါပေမယ့် ပြည်နယ်အဆင့်အထိပဲ ပါခဲ့တယ်။ ဒီနှစ်တော့ ကဗျာလွတ်အဖွဲ့ထဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျွန်မတို့ကို ဆရာမ ဒေါ်ခင်စန်းထွေးက သင်ကြားပေးတာဖြစ်ပြီး မြစ်ကြီးနားမြို့ လေ့ကျင့်ရေးအလယ်တန်း ကျောင်းကဖြစ်ပါတယ်။ ကျွန်မနဲ့ အတူတူ Grade 7 8 9 ကျောင်းသူ တွေလည်းပါပါတယ်။ ကျွန်မကတော့ Grade 7 က ဖြစ်ပါတယ်။ ကဗျာလွတ်အကဆိုတာ မြန်မာအကရဲ့ အခြေခံဖြစ်ပါတယ်။ သင်ယူစမှာတော့ တော်တော်လေး ခက်ခဲတယ်။ နောက်ပိုင်းသင်ရင်း လေ့ကျင့်ရင်း အချိုးကျလာတယ်။ နေပြည်တော်ကို အောက်တိုဘာ ၃ ရက်နေ့ကတည်းက ရောက်ခဲ့ပါတယ်။ အစပိုင်းမှာ ရာသီအပြောင်းအလဲ၊ ရေသုံးရတာ အဆင်မပြေ တာလေးတွေတော့ရှိတယ်။ ကျွန်မတို့ဆီနဲ့ ရာသီဥတုကလည်းမတူတော့ သိပ်အသားမကျဘူး။ အခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ ပြိုင်ပွဲအတွက် အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်ရှင့်။

မမြင့်မြတ်မိုး

(ရှမ်းပြည်နယ်)

အက(အဆင့်မြင့်ပညာ)

မြန်မာ့ တစ်ပင်တိုင်အကမှာ ကကြိုးကကွက်လှပဖို့၊ အကပြတ်ဖို့နဲ့ မျက်နှာပေးက အဓိကလိုအပ်တယ်လို့ ကျွန်မကတော့ ထင်မြင်မိပါတယ်။ ကျွန်မက ငယ်ငယ်ကတည်းက မြန်မာအကကို ချစ်မြတ်နိုးတယ်။ အကဝတ်စုံလေးတွေကိုလည်း သဘောကျနှစ်သက်တယ်။ ဇာတိက ရှမ်းပြည်နယ် (မြောက်ပိုင်း) မဘိန်းမြို့ကပါ။ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ် (မန္တလေး) မှာ သဘင်မေဂျာနဲ့ စတုတ္ထနှစ်ပညာသင်ကြားနေပါတယ်။ ငွေရတု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးမှာ ကိုယ့်ဇာတိ ရှမ်းပြည်နယ်အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။ မြန်မာအကကို ကျွန်မတို့လို လူငယ်တွေအားလုံးက တန်ဖိုးထားစေချင်တယ်။ ကိုယ်တိုင်လည်း သင်ယူနေဆဲမို့ မတတ်သေးတာ၊ မသိသေးတာတွေလည်း အများကြီးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေလိုတဲ့စိတ်နဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။

မောင်တိုးပွားအောင်

(မန္တလေးတိုင်းဒေသကြီး)

အက (ဝါသနာရှင်၊ ပထမတန်း)

ပြိုင်ပွဲက ဝါသနာရှင် (ပထမတန်း) ဖြစ်တဲ့အတွက် အတော်လေးကို အားပြည့်အင်ပြည့် ယှဉ်ပြိုင်ခဲ့ပြီး ၁၀၀ ရာခိုင်နှုန်းအားရ ကျေနပ်ပါတယ်။ အရင်နှစ်တွေက ဝါသနာရှင် ဒုတိယရွှေတံဆိပ်ရရှိထားပြီး အခုနှစ်မှာတော့ ပထမတန်းကိုပြိုင်တာပါ။ ပထမတန်းက ပညာရှင်ပြိုင်ပွဲဖြစ်သွားတော့ အားထည့်ရတယ်။ အက၊ အဆို၊ အပြော၊ အဟောပါတော့ သတိထားရတာအများကြီး ရှိပါတယ်။ ဒီနှစ် ငွေရတုပြိုင်ပွဲကြီးမှာ ခေါင်းစဉ်တပ်မရတဲ့ အမှတ်တရတွေက အများကြီးပဲ။ ကျွန်တော်က ဇာတ်တော်ကြီး ပြိုင်ပွဲမှာလည်း ပေါလဇနကနေရာကနေ ပါဝင်သရုပ်ဆောင်မှာဖြစ်သလို ပထမတန်းအကလည်းပါဝင်တော့ အသံကိုတော်တော်လေးဂရုစိုက်ရသလို ကိုယ်ခံအားကောင်းဖို့၊ အကြောဆေး၊ အားဆေးတွေလည်း ၁၀ လုံးထက်မနည်း သွင်းလိုက်ရတာက အမှတ်တရပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လို ဝါသနာရှင်တွေအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက မရှိမဖြစ်ပါ။ ကျင်းပပေးလို့ ကျေးဇူးတင်သလို ကျွန်တော်တို့ ဘက်ကနေလည်း မြန်မာ့ယဉ်ကျေးမှုရိုးရာ အမွေအနှစ် အနုသုခုမတွေကို မတိမ်ကော ရလေအောင် စွမ်းသရွေ့ထိန်းသိမ်းပါ့မယ်။

စောင်းဆရာ ဦးမြင့်လှိုင်

(မဟာဂီတအဆိုပြိုင်ပွဲပံ့ပိုးသူ)

ကျွန်တော်က ဒီနှစ်မှာ ပဲခူး၊ ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးတွေနဲ့ မွန်ပြည်နယ်တို့က မဟာဂီတ ပြိုင်ပွဲဝင် အဆိုရှင်တွေအတွက် စောင်းတီးခတ်ပံ့ပိုးရသူပါ။ အရင်နှစ်တွေတုန်းက တစ်ပြည်လုံး နီးပါးအတွက် တီးခတ်ပေးခဲ့ရဖူးပါတယ်။ (၂၃) ကြိမ်နဲ့ (၂၄) ကြိမ်မြောက်မှာတော့ မပါဝင်ဖြစ်ခဲ့ဘူး။ ဒီနှစ်ငွေရတုဆိုတော့ ကျွန်တော်မနေနိုင်တော့ဘူး။ မဖြစ်မနေ အရောက်လာရတာပေါ့။ ၁၉၉၃ ခုနှစ်ကတည်းက ဒီပြိုင်ပွဲကြီးကာလဆိုရင် ကျွန်တော်မအားရဘူး။၂၀၂၁ ခုနှစ်အထိ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးက ကျွန်တော့်အတွက် အမှတ်တရတွေ အများကြီးပဲ။ ဒီပြိုင်ပွဲကြီးကြောင့် မျိုးဆက်သစ် ကလေးတွေ ထွက်ပေါ်လာတာ။ ပညာရှင်တွေ မကွယ်ပျောက်ခင် ကလေးတွေလည်း ပညာတွေ ဆည်းပူးနိုင်ကြပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ်။

မောင်ဝေါ်လေးဖ

(ကချင်ပြည်နယ်)

အဆို(ကာလပေါ်) (အခြေခံပညာ)

(အသက် ၁၀ နှစ်မှ ၁၅ နှစ်)

ကျွန်တော်က ပထမဆုံးပြိုင်ဖူးတာဖြစ်ပါတယ်။ ပြဋ္ဌာန်းသီချင်းလေးပုဒ်မှာ မောင့်တိုင်းပြည် ဆိုတဲ့သီချင်းကို အပိုင်နိုင်ဆုံးပဲ။ ဒါပေမယ့် ပြိုင်ရတော့ ကိုယ့်ရပ်ဌာနေ သီချင်းနဲ့ ပြိုင်ခဲ့ရတယ်။ ကျွန်တော်က ငယ်ငယ်လေးကတည်းက မြန်မာသီချင်းတွေ ကြိုက်တယ်။ မြန်မာသီချင်းကြီးတွေ အမြဲနားထောင်ပါတယ်။ ကျွန်တော်က လီဆူလူမျိုးဖြစ်ပြီး မြစ်ကြီးနားမြို့နယ် အထက(ခွဲ) ရှမ်းရွာမှာ Grade-6 ပညာသင်ကြားနေပါတယ်။ ကျွန်တော့်ရဲ့ ဆရာနဲ့ ဆရာမက ကိုထူးကျော်နဲ့ မကြည်ကြည်ဝါတို့ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေပြည်တော်အထိ ငွေရတု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး နိုင်ငံတော်အဆင့် အထိ တက်ရောက်ယှဉ်ပြိုင်ခွင့် ရလို့ ဝမ်းသာမိပါတယ်။

ဒေါ်ခိုင်အေးစိုး

(ချင်းပြည်နယ်)

အဆို(မဟာဂီတ)

ဝါသနာရှင်(ဒုတိယတန်း)

ကျွန်မက မဟာဂီတဝါသနာရှင် (ဒုတိယတန်း) ကို တောတောင်စွယ် (ယိုးဒယား) သီချင်းနဲ့ သီဆို ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲပြဋ္ဌာန်း သီချင်းတွေထဲမှာ ကျွန်မအပိုင်နိုင် ဆုံးသီချင်းမို့ မဲနှိုက်ပြီး ဒီသီချင်း မဲပေါက်တဲ့အခါ သိပ်ကိုပျော်သွားပါတယ်။ ဒါပေမယ့် စင်မြင့်ပေါ်ရောက်တော့ စိတ်လှုပ်ရှားတာကြောင့် အစပိုင်းနည်းနည်းတော့ အခက်အခဲရှိခဲ့ပါတယ်။ အကောင်းဆုံးတော့ ယှဉ်ပြိုင်ခဲ့ပါတယ်။ မနှစ်က ခေတ်ဟောင်းကာလပေါ် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဒီနှစ်တော့ မဟာဂီတရော၊ ခေတ်ဟောင်းကာလပေါ်ရော ယှဉ်ပြိုင်သွားမှာပါ။ သီချင်းဘွဲ့တွေထဲမှာလည်း ယိုးဒယားကို ကြိုက်နှစ်သက်တယ်။ သူကဆိုရတာပိုပြီး ချောမွေ့တယ်လို့ထင်ပါတယ်။ ငွေရတု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲကြီးမို့ ပိုပြီးတာဝန်ကြီးတယ်လို့ ခံစားရတယ်။ အခုလို ပြိုင်ပွဲတွေကို ဝင်ပြိုင်ခဲ့တဲ့ အကျိုးကျေးဇူးက ပုံမှန်ဘဝအတွက်လည်း အများကြီး အထောက်အကူ ဖြစ်ခဲ့ပါတယ်။ သီချင်းကြီး၊ သီချင်းခံတွေကို ဆိုနိုင်တယ်ဆိုပြီး အလှူပွဲအကြီးတွေမှာ ဖိတ်ခေါ်ခံရတယ်။ ခံ့ညားထည်ဝါစွာနဲ့ မြန်မာ့ဂန္ထဝင်သီချင်းတွေကို သီဆိုခွင့်ရခဲ့တယ်။

အေးဆုသန့်ဇင်

(ဧရာဝတီတိုင်းဒေသကြီး)

ဝါသနာရှင်(ဒုတိယတန်း)

ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ပြိုင်ပွဲ

ဒီနေ့ယှဉ်ပြိုင်ခဲ့ရတဲ့အပေါ်မှာ အခက်အခဲမျိုးစုံတော့ရှိတယ်။ မပြိုင်ခင်မှာလည်း နေမကောင်းတဲ့သူတွေ တော်တော်များတော့ တော်တော်လည်း ခက်ခက်ခဲခဲနဲ့ ယှဉ်ပြိုင်ခဲ့ရတယ်။ အရင်က ပြိုင်ပွဲတွေမှာတော့ (၁၉) ကြိမ်မြောက်ကတည်းကစပြီး အခုအကြိမ်အထိ တစ်လျှောက်လုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ အဖွဲ့လိုက်ကတော့ (၂၃) ကြိမ်မြောက်မှာ စပြီးပြိုင်တာပါ။ ဆုအနေနဲ့ ဝါသနာရှင် (ဒုတိယတန်း) ပတ္တလားမှာ တတိယ၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် တတိယနဲ့ ပြီးခဲ့တဲ့နှစ်က ဝါသနာရှင် (ဒုတိယတန်း) ဆိုင်းတစ်ဦးချင်းမှာ ပထမဆုရရှိခဲ့ပါတယ်။ ဒီနှစ်မှာ ဝါသနာရှင် (ပထမတန်း) ဆိုင်း တစ်ဦးချင်းပြိုင်ပွဲမှာ ပြိုင်ဦးမှာပါ။ ဆိုင်းပညာကို အဖေ့ဆီကနေသင်ခဲ့တာပါ။ အဖေကတော့ ဆိုင်းဆရာကြီး ဧရာဝတီသန့်ဇင်ပါ။ ဒီမြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပညာတွေ မပျောက်ပျက်အောင် တူရိယာအစုံ ယှဉ်ပြိုင်ကြတယ်။ ဒီလိုဆက်ပြီးတော့ ထိန်းသိမ်းသင့်ပါတယ်။ အခုလို စည်းစည်းလုံးလုံးနဲ့ ယှဉ်ပြိုင်ကြတဲ့အတွက် ပိုပြီးတော့ ပညာတွေရတယ်လို့ မြင်တယ်။ မပြိုင်ဖူးသေးတဲ့လူတွေကိုလည်း စည်း၊ ဝါး နားလည်အောင်၊ သီချင်းကို ပိုင်ပိုင်နိုင်နိုင်ရအောင် လုပ်ပြီး ယှဉ်ပြိုင်စေချင်တယ်၊ အနည်းဆုံးတော့ ဆုမရရင်တောင် ပညာရမယ်လို့ ထင်ပါတယ်။

မောင်ကောင်းထက်

(မကွေးတိုင်းဒေသကြီး)

ဝါသနာရှင်(ဒုတိယတန်း)

ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်ပြိုင်ပွဲ

ဒီနေ့ ယှဉ်ပြိုင်ရတဲ့အပေါ်မှာတော့ စိတ်ကျေနပ်မှုရှိတယ်။ အခုပြိုင်ပွဲကြီး ယှဉ်ပြိုင်ဖို့အတွက် နှစ်လ သုံးလလောက်ကတည်းက ကြိုတင်ပြီး သေသေချာချာလေး စနစ်တကျလေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ ဆုရအောင်လည်း ကြိုးစားထားပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ဒီနှစ်မှ စပြီးယှဉ်ပြိုင်ဖူးတာပါ။ အခုလို ငွေရတုအထိမ်းအမှတ် ပြိုင်ပွဲကြီးမှာ အနုပညာညီအစ်ကို မောင်နှမတွေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ဆိုင်းပညာကို ကျွန်တော်ကိုးတန်းနှစ်အပြီး လောက်မှာ ဘဘဆရာ စိန်ကျော်ရွှေ၊ ဘဘစိန်ဗိုလ်မင်း၊ ဆရာ ဦးစွမ်းထက်၊ ဦးကျော်စွာလင်းတို့ ဆီကနေ လက်ဆင့်ကမ်း ပညာအမွေယူခဲ့ပါတယ်။ မျိုးဆက်သစ် တစ်ယောက်အနေနဲ့ အခုလိုပြိုင်ပွဲ ကြီးတွေမှာ ဝင်ပြီးယှဉ်ပြိုင်ခွင့်ရတာ အတွေ့အကြုံကောင်းတွေရပါတယ်။ အခုလိုမျိုး ပြိုင်ပွဲကြီးတွေ ခမ်းခမ်းနားနားနဲ့ ကျင်းပပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း

ခင်ရတနာ၊ ဇင်ဦး၊ နွဲ့မွန်

ဓာတ်ပုံ- တင်စိုး၊ ဟိန်းထက်ဇော်

No comments:

Post a Comment