Thursday, October 17, 2024

နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အိုးအိမ်ပြန်လည်ထူ‌ထောင်ရေးအတွက် ရန်ပုံငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော် အောက်တိုဘာ ၁၆

ရေဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် နိုင်ငံတော်အနေဖြင့် နိုင်ငံ၏အရင်းအမြစ်ကိုမူတည်၍ ဘေးသင့်ပြည်သူများ မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိစေရန် အဘက်ဘက်က စီစဉ်ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ ရေဘေးကြောင့်နေအိမ်များမျောပါ၊ ပျက်စီးခဲ့ကြသည့် နေပြည်တော် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာနှင့် ကျွန်းဦးကျေးရွာအုပ်စုများမှ အိမ်ခြေ လုံးဝမျောပါပျက်စီးခဲ့သည့် နေအိမ် ၁၀၄ လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် ၂၃ သိန်း ၅ သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၂၄၄၄ သိန်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် အသား၊ ငါး၊ ပဲစည်သွတ်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဘေးသင့်နယ်မြေများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် ၄၁၇ လုံးအတွက် တစ်အိမ်လျှင်ငွေကျပ် ၁၇ သိန်း ၅ သောင်းနှုန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ငွေကျပ် ၇၂၉၇ ဒသမ ၅ သိန်းနှင့် စည်သွတ်ဘူးနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရေဘေးသင့်မိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဘေးသင့်နေအိမ်များ ပြုပြင်တည်ဆောက်ရန်အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၉၇၄၁ ဒသမ ၅ သိန်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ပင် ဝယ်ယူခဲ့သည့် ငွေကျပ်သိန်း ၅၄၀၀ ကျော်တန်ဖိုးရှိ အသား၊ ငါး၊ ပဲစည်သွတ်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ပြည်တွင်း/ပြည်ပ အလှူရှင်များက လှူဒါန်းထားသော အသုံးအဆောင်ပစ္စည်းတို့ကို ဘေးသင့်ပြည်သူများထံသို့ စနစ်တကျ ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ရေကြီးနစ်မြုပ်မှုဒဏ်ခံစားခဲ့ရသည့် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျောင်းသား ကျောင်းသူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ပညာသင်ကြားရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment