Thursday, October 17, 2024

ကုသိုလ်များစွာရရှိသော အဘိဓမ္မာအခါတော်နေ့


မောင်သောင်းဝင်း(တမန်ဟောင်း)

အောက်တိုဘာလ ၁၇ ရက်သည် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ပူဇော်ကြသည်။ သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ပြန်လည် ကြွမြန်းလာတော်မူသည့် မြတ်စွာဘုရားရှင်အား သင်္ကဿနဂိုရ်ပြည်မှ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးထွန်းညှိပူဇော်ခဲ့သည့် အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် ဆီမီးထွန်းပွဲ ပြုလုပ်ကြသည်။

အဘိဓမ္မာတရား ဟောကြားတော်မူခဲ့

မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကိုအမှူးပြု၍ လောကဓာတ်တစ်သောင်းမှ စုဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာ တရားဟောကြားတော်မူသည်။ တရားဟောကြားပြီး ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်။

ထိုအခါ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးထွန်းကာ မြတ်စွာဘုရားကို ကြိုဆိုကြသည်။ ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူတို့သည် သီတင်းကျွတ်လသို့ ရောက်သည့်အခါ ဆီမီးထွန်းညှိပူဇော်ကြခြင်း ဖြစ်သည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင်ရှိခဲ့သည်။ ထိုအစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် နှစ်စဉ်နှစ်တိုင်း မြတ်စွာဘုရားရှင်ကိုရည်စူး၍ သီတင်းကျွတ်မီးထွန်းပွဲတော်အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့”ဟု သတ်မှတ်ကာ အနယ်နယ်အရပ်ရပ်တို့တွင် အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြသည်။

ပဝါရဏာပွဲတော်ကျင်းပ

ထို့ပြင် မြတ်စွာဘုရားရှင်၏ တပည့်သံဃာတော်များသည် ဝါတွင်းသုံးလကာလပတ်လုံး ကျောင်းကန် အသီးသီး၌ ဝါကပ်သီတင်းသုံးပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် ဝိနည်းနှင့်အညီ ပဝါရဏာ ပွဲတော်ကျင်းပကြသည်။ ပဝါရဏာဟူသည် ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်းဟု အဓိပ္ပာယ်ရရှိသည်။ ရဟန်းသံဃာအချင်းချင်း အပြန်အလှန်ဖိတ်ကြားခြင်းနှင့် တောင်းပန်တိုက်တွန်းခြင်းများ ပြုလုပ်ကြသည်။ မြတ်ဗုဒ္ဓ၏ ဝိနည်းဒေသနာတော်ကို ဆက်လက်ထိန်းသိမ်းခြင်းပင် ဖြစ်သည်။

ရဟန်းတို့သည် သီတင်းကျွတ်လပြည့်သောအခါ အညီအညွတ်စည်းဝေးကြ၍ ထေရ်စဉ်အလိုက် “ငါ့အရှင်တို့ သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် ကျွန်ုပ်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော။ မြင်သည်ရှိသော် ကုစားပါအံ့” ဟု ပဝါရဏာပြုခြင်းသည် ကျက်သရေမင်္ဂလာ ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံပေသည်။

မိဘ၊ ဘိုးဘွား၊ ဆရာများကို ကန်တော့

ထိုပဝါရဏာနည်းတူ လူတို့သည်လည်းသက်ကြီးရွယ်အိုများ၊ မိဘဘိုးဘွားများ၊ ဆရာများကို အပြစ်မှ ခွင့်လွှတ်စေကြောင်း ဝန်ချ၍ကန်တော့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ သီတင်းကျွတ် ပွဲတော်၏ အနှစ်သာရပင်ဖြစ်သည်။ အထူးသဖြင့် မိဘများနှင့်သက်ကြီးဘိုးဘွား၊ ဆရာများကိုစိတ်ဖြင့် သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း ပြစ်မှားမှုများရှိခဲ့သော် ခွင့်လွှတ်ပေးရန် တောင်းပန် ကန်တော့ခြင်းဖြစ်သည်။ သက်ကြီးရွယ်အို၊ ဆရာ၊ မိဘများကလည်း တပည့်၊ သား၊ သမီးများအား လွန်ကဲစွာပြောဆို၊ ပြုမူခဲ့မှုများရှိလျှင် ခွင့်လွှတ်ပေးရန် ပြန်လည်တောင်းပန်လေ့ရှိကြသည်။ မြန်မာ့ လူ့အဖွဲ့အစည်းတွင် ကြီးသူနှင့် ငယ်ရွယ်သူတို့အကြား အကျိတ်အခဲများ၊ အာဃာတများကို အပြန်အလှန် သင်ပုန်းချေကြခြင် ဖြစ်သည်။ ချစ်စရာ ကောင်းသော အလေ့အထပင်ဖြစ်သည်။

 ထိုသို့ သက်ကြီးဘိုးဘွား၊ မိဘ၊ ဆရာများအား ကန်တော့ပြီးချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါး သွားသလို ခံစားရလေ့ရှိပါသည်။ လူကြီးသူမများ၊ မိဘ၊ဆရာများ၏ ပို့သသောဆုတောင်း မေတ္တာသည် စာရေးသူတို့အပေါ် ကျရောက်လာနိုင်သည့် မကောင်းသော ဘေးအန္တရာယ်များကို ကျော်လွှားနိုင်စွမ်းရှိစေပါသည်။ ရိုသေထိုက်သူကို ရိုသေခြင်း၊ ကျေးဇူးရှိသူ မိဘ၊ ဆရာသမားများ၏ ကျေးဇူးတရားကို သိတတ်ခြင်းသည် မင်္ဂလာတရားပင်ဖြစ်သည်။ ထိုအလေ့အထသည် မြန်မာနိုင်ငံတွင်သာ တွေ့မြင်ရပါသည်။

သီတင်းကျွတ်ကာလတွင် မိဘ၊ ဆရာသမားများအား ကန်တော့ရာတွင် ငွေနှင့်ပစ္စည်း တန်ဖိုးသည် အခရာမကျပေ။ ကျေးဇူးသိတတ်မှုသည်သာလျှင် အဓိကကျလျက်ရှိသည်။ ဘိုးဘွား၊ မိဘ၊ ဆရာများ ကလည်း လက်ဆောင်ပစ္စည်းကို မျှော်လင့်တောင့်တလေ့မရှိဘဲ တပည့်၊ သား၊ သမီးများ၏ ကျေးဇူး သိတတ်မှုစိတ်ဓာတ်ကိုသာ တမ်းတလေ့ရှိကြသည်။

ပျော်ပွဲရွှင်ပွဲများ

သီတင်းကျွတ်ကာလတွင် မိုးလေကင်းစင်သဖြင့် သဘာဝပတ်ဝန်းကျင်တစ်ခုလုံး သာယာလေ့ရှိ သည်။ ရပ်ကွက်၊ ကျေးရွာအလိုက် ဝါတွင်းဆွမ်း လောင်းပိတ်ပွဲများ၊ ဘုရားပွဲတော်များ၊ အလှူများဖြင့် စည်ကားနေလေ့ရှိသည်။ မီးပုံးပျံလွှတ်တင်သည့် ပြိုင်ပွဲများလည်း ပြုလုပ်ကြသည်။ ကလေးငယ်များသည် မီးရှူးမီးပန်းများ ပစ်ဖောက်ကစားကြသည်။ စေတနာသဒ္ဓါတရား ရက်ရောသူများကလည်း နိဗ္ဗာန်ဈေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒိသာ ကျွေးမွေးလှူဒါန်းကြသည်။

သီတင်းကျွတ်အချိန်အခါသမယတွင် မြန်မာနိုင်ငံအနှံ့အပြားပွဲတော်များ ပြုလုပ်ကြသည်။ သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ညများတွင် နေအိမ်များ၊ လမ်းများ၊ ဘုရား၊ ကျောင်းကန်များတွင် မြတ်စွာဘုရားအား ရည်မှန်းကာ ဆီမီးများ ထွန်းညှိပူဇော် ထားသည်မှာ ထိန်ထိန်လင်းလျက်ရှိသည်။ ထိုမြင်ကွင်းသည် လမ်းသွား၊ လမ်းလာ၊ ပွဲတော် ဆင်နွှဲသူများအား ပီတိဖြစ်စေပြီး ကုသိုလ်တရားများ ရရှိပွားများစေနိုင်ပါသည်။

သီတင်းကျွတ်သည့်အခါ အများပြည်သူတို့အနေဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးပူဇော်ထွန်းညှိခြင်းကိုသာ အလေးအနက်ပြုကြလေ့ရှိသော်လည်း အနှစ်သာရမှာ အမိကျေးဇူးဆပ်ခြင်းကိုရည်ညွှန်း၍ အဘိဓမ္မာတရားကို ဟောကြားတော်မူခြင်းဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရားများ တွင် ဘုရားဖူးများ၊ ကောင်းမှုကုသိုလ်ပြုလုပ်သူများနှင့် အထူးစည်ကားလျက်ရှိသည်။ ဘုန်းတော်ကြီး ကျောင်းများတွင်လည်း ဥပုသ်သီတင်းသီလ ဆောက်တည်သူများနှင့် ပြည့်နှက်လျက်ရှိသည်။ သီတင်းကျွတ်ပွဲတော်ကာလတွင် ကျောင်းများပိတ်ထားသဖြင့် ကလေးများလည်း အနားရပြီး စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နိုင်ကြသည်။

ကုသိုလ်များစွာရရှိသော အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဆီမီးထွန်းညှိပူဇော်ခြင်း၊ ပဝါရဏာပြုလုပ်ခြင်း၊ မိဘဆရာသမားများကို ကန်တော့ခြင်း၊ ဥပုသ်သီတင်းသီလဆောက်တည်ခြင်း စသည့်ကောင်းမှု ကုသိုလ်များပြုလုပ်ကြသည်။ အထူးသဖြင့် လက်ရှိအချိန်အထိ ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကို ရည်မှန်း၍ ဆီမီးပူဇော်သည့် ယဉ်ကျေးမှုအစဉ်အလာ ထွန်းကားနေခြင်းသည် ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပနေခြင်းသာ ဖြစ်ပေသည်။

သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်းသည် အနှစ်သာရဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှလူ့ပြည်သို့ ပြန်ကြွတော်မူသောအခါ မြတ်ဗုဒ္ဓက လောကဝိဝရဏတန်ခိုးတော်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအချင်းချင်း အဆီးအတားမရှိ မြင်တွေ့ဖူးမြော်ခွင့်ရသည့် ထူးကဲခြင်းဖြစ်ပါသည်။

လောကလူသားကောင်းကျိုးအတွက် မြတ်စွာဘုရားရှင်သည် ဝေနေယျသတ္တဝါအပေါင်းတို့ အားလုံးမကျန် ဖူးမြော်ခွင့်ကိုရရှိစေခဲ့ရာ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်မှာ ကြီးမားလှပါပေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားတော်ကို နာယူအာရုံပြုကာကုသိုလ်ထူးကို ရယူနိုင်ကြမည်ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာသုံးပါးစလုံး ရည်စူးပူဇော်နိုင်သောနေ့မြတ်ဖြစ်၍ ထူးကဲလှပေသည်။ မြတ်စွာဘုရား၏ တန်ခိုးတော်၊ အဘိဓမ္မာတရားတော်နှင့် ရဟန်းတို့၏ကြည်ညိုဖွယ် ပဝါရဏာကို မြင်တွေ့နိုင်ပေသည်။

ဆိုရလျှင် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ပြန်လည်ကြွမြန်းလာသည့် ဗုဒ္ဓမြတ်စွာဘုရားအား ဆီမီးထွန်းညှိပူဇော်ခြင်း၊ မြတ်ဗုဒ္ဓ၏ တပည့်သံဃာတော်များက ပဝါရဏာကျင်းပကြခြင်းနှင့် သား၊ သမီးများက ဘိုးဘွား၊ မိဘ၊ ဆရာများအား ကန်တော့ကြခြင်း စသည့်ကောင်းမှုကုသိုလ်အဝဝကို ပြုလုပ်ဖြစ်ကြသည်။ မြန်မာလူမှုအသိုက်အဝန်းတွင် မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်ကြီးသူနှင့်ငယ်ရွယ်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် ခွင့်လွှတ်သည်းခံမှုများရရှိသောအချိန်အခါလည်းဖြစ်သည်။

အမှန်တော့ သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏ ဘာသာယဉ်ကျေးမှု ရှေးရိုးအစဉ်အလာမပျက် စိတ်ကြည်နူးချမ်းမြေ့ဖွယ် မီးထွန်းပူဇော်ပွဲနေ့တစ်နေ့ဟုဆိုသည်ထက် အမိကျေးဇူးဆပ်သောနေ့၊ အဘိဓမ္မာအခါတော်နေ့၊ မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်သောနေ့၊ ပဝါရဏာပြုသောနေ့ဟူ၍ မွန်မြတ်သော သဒ္ဓါဆန္ဒဖြင့် ကုသိုလ်ပြုကြမည်ဆိုလျှင် ထူးကဲသောကောင်းမှုကုသိုလ်များ ရရှိကြမည်မှာ ဧကန်မုချပင် ဖြစ်ပေသည်။ ။           

ရည်ညွှန်း ။ ။     ၂၉-၁၀-၂၀၂၃ ရက်ထုတ် ကြေးမုံသတင်းစာ။

No comments:

Post a Comment