စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး
နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ
နေပြည်တော်
အောက်တိုဘာ ၄
စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် လေးခုမှ တောင်သူများအား ချေးငွေကျပ် ၂၄၄၆ ဒသမ ၂၀ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၇၉၀ တို့ကို ချေးငွေကျပ် ၂၄၄၄၁၃ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းက
နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ကျင်းပသည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး
နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ (၃၁) ကြိမ်မြောက် အစည်းအဝေးတွင်
ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင်
ဒုတိယဝန်ကြီးက ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ်
ထုတ်ချေးနိုင်ရေးနှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေး
စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ
လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို
အထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
(ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့်အနေဖြင့် Evaluation &
Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး
ချေးငွေကြွေးကျန်ကျဆင်းရေးအတွက် နည်းလမ်းများ ရှာကြံဆောင်ရွက်ရန်၊ စီမံကိန်းအောင်မြင်ရေးအတွက်
တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်သွားရန်၊
ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း
လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းခဲ့သည်။
အဆိုပါအစည်းအဝေးတွင်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Two
Step Loan ချေးငွေထုတ်ချေးထားမှုနှင့်
ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြကာ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ
ဦးဆောင်ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment