Thursday, October 17, 2024

ဆိုရေးရှိက ဆိုအပ်လှ၏

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓသာသနာတော်တွင် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ ဝါဆိုလပြည့်နေ့မှစ၍ ဝါတွင်းသုံးလ၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ ရဟန်းတော်များ ဝါဆိုဝါကပ်ခြင်း၊ သီတင်းဝါလကျွတ်သည့်ချိန်ခါတွင် ဗုဒ္ဓသာသနာတော်နှင့်ဆက်စပ်၍ ရိုးရာယဉ်ကျေးမှုပွဲများအဖြစ် ဆီမီးမြင်းမိုရ်ပွဲ၊ မီးထွန်းပွဲနှင့် သက်ကြီးဝါကြီးများ ပူဇော်ကန်တော့ပွဲတို့ကို ဆင်ယင်ကျင်းပကြသကဲ့သို့ပင် ဘာသာရေးအနှစ်သာရအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့တွင် “အဘိဓမ္မာအခါတော်နေ့” ကို ကျင်းပကြသည်။ ထို့အပြင် သာသနာ့ဝန်ထမ်းရဟန်းတော်များ၏ သံဃာ့အဖွဲ့အစည်းအတွင်း ဝိနည်းဒေသနာတော်အရ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပရသည့် “ပဝါရဏာပွဲတော်” မှာလည်း စိတ်ဝင်စားဖွယ်၊ ကြည်ညိုသဒ္ဓါပွားဖွယ်၊ လူ့အဖွဲ့အစည်းအသင်းအပင်းများအတွင်း၌လည်း အတုယူကျင့်သုံးဖွယ်ပင်ဖြစ်သည်။

သံဃံ ဘန္တေ ပဝါရေမိ ဒိဋ္ဌေန ဝါ, သုတေန ဝါ, ပရိသင်္ကာရ ဝါ, ဝဒန္တု မံ အာရသ္မန္တော အနုကမ္ပံ ဥပါဒါရ ပဿန္တော ပဋိကရိဿာမိ”။

အရှင်ဘုရားတို့၊ တပည့်တော်သည် သံဃာကို ဖိတ်ကြားပါ၏။ မြင်ခြင်းအားဖြင့်သော်လည်းကောင်း၊ ကြားခြင်းအားဖြင့်သော်လည်းကောင်း၊ ယုံမှားသံသယအားဖြင့်လည်းကောင်း တပည့်တော်တွင် အပြစ်တွေ့ပါက အရှင်ဘုရားတို့သည် တပည့်တော်အား သနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါ၊ အပြစ်ကိုရှု၍ တပည့်တော်ကုစားပါမည်။” ဟု သုံးကြိမ်တိုင်တိုင် ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်းသည် ပဝါရဏာပြုခြင်းပင်ဖြစ်သည်။

ပဝါရဏာပွဲ ဖြစ်ပေါ်လာရခြင်း၏ နောက်ခံအကြောင်းအရာမှာ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ကောသလတိုင်း ဇနပုဒ်ကျောင်းတစ်ကျောင်းတွင် ဝါဆိုခဲ့ကြသည့် ရဟန်းတော်များအတွင်း “အချင်းချင်း ငြင်းခုန်မှုမရှိဘဲ ညီညီညွတ်ညွတ်ဖြင့် ချမ်းသာစွာနေထိုင်ကြရစေရန် တစ်ပါးနှင့်တစ်ပါး စကားမပြောကြစတမ်း” ဟု ကတိကဝတ်ပြုကာ ဝါတွင်းသုံးလပတ်လုံး အတူသီတင်းသုံးခဲ့ကြခြင်းကို ဘုရားရှင်သိရှိတော်မူသောအခါ ပြစ်တင်ရှုတ်ချတော်မူခဲ့သည်။ အတူတကွနေထိုင်ကြသည့်အခါ တစ်ဦးနှင့်တစ်ဦး၊ တစ်ပါးနှင့်တစ်ပါး ကောင်းရာကောင်းကျိုးအတွက် ပြောသင့်ပြောထိုက်၊ ဆိုသင့်ဆိုထိုက်သည်တို့ကို ပြောထိုက် ဆိုထိုက်ပါလျက် မပြောမဆိုဘဲ လုံးဝနှုတ်ပိတ်နေခြင်းကို တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း၊ သူအတို့၏အကျင့်၊ တိတ္ထိတို့၏ အကျင့်အဖြစ် မြတ်စွာဘုရားက ပြစ်တင်ရှုတ်ချတော်မူပြီးလျှင် သီတင်း သုံးဖော်အချင်းချင်း သီလ သမာဓိ ပညာ တိုးပွား၍ အကျိုးများစေသည့် တရားစကားတို့ကို ပြောဆိုနေထိုင်ကြကာ သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များအားလုံး သိမ်တစ်ခုတွင် စုဝေး၍ အချင်းချင်း အပြန်အလှန်ဖိတ်ကြားကာ ပဝါရဏာပြုကြရန် ပညတ်တော်မူခဲ့ခြင်းဖြစ်သည်။

ပဝါရဏာပွဲတော်၏ အနှစ်သာရသည် သံဃအဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ခြင်းအလို့ငှာ အပြစ်တစ်စုံတစ်ရာရှိပါက ကောင်းကျိုးကိုလိုလားသော မွန်မြတ်သည့်စိတ်ထားဖြင့် ထောက်ပြပြောဆိုခြင်း၊ ပြောပြလာသူအပေါ် ကျေးဇူးတင်ခွင့်လွှတ်ချီးကျူးခြင်း၊ မိမိအပြစ်ကို သိမြင်ပြုပြင်ကုစားခြင်းတို့ပင်ဖြစ်ပြီး ယင်းသို့အပြုသဘောဆောင်ကာ အချင်းချင်းတို့အကြား အပြစ်များကို အပြန်အလှန်ဝန်ခံပြောဆိုခြင်းအားဖြင့် အချင်းချင်းညီညွတ်မှုရခြင်း၊ ဝမ်းမြောက်ဝမ်းသာစကား ပြောကြားရခြင်း၊ အချင်းချင်းငြင်းခုန်မှုမရှိရခြင်းနှင့် ချမ်းသာစွာနေရ ခြင်းဟူသော အကျိုးတရားများ ရရှိစေနိုင်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပင်လျှင် တစ်ခုသောသီတင်းကျွတ်လပြည့်နေ့၌ မိမိကိုဝေဖန်နိုင်ရန် သံဃာအားပဝါရဏာပြု ဖိတ်ခေါ်ခဲ့ကြောင်း သုတ္တန်ပိဋကတ် ခန္ဓာဝဂ္ဂသံယုတ်တွင် ဖော်ပြထားရာ ပဝါရဏာပြုခြင်း၏ အကျိုးတရားကြီးမားလေးနက်မှုကို ဆင်ခြင်သိရှိနိုင်ကြသည်။

အဖွဲ့အစည်းတစ်ခုအတွင်း အဖွဲ့ဝင်အဖြစ်ရှိနေသည့် သာမန်လူသားတို့အဖို့မူ မိမိတွင်အပြစ်တွေ့ပါက ပြောပြရန်ကျန်သူများကို ဖိတ်ကြားခြင်း၊ ဖိတ်ကြားခံရသူကလည်း မေတ္တာရှေ့ထား၍ အပြုသဘောဆောင်ကာ ထောက်ပြပြောဆိုခြင်း၊ မိမိအပြစ်အပေါ် ပြောပြလာသူကို ကျေးဇူးတင်ခွင့်လွှတ်ချီးကျူးခြင်း၊ မိမိအပြစ်ကိုလည်း သိမြင်ကာပြုပြင်ခြင်း စသည်တို့မှာ ဖြစ်သင့်ဖြစ်ရာသော်လည်း ခဲယဉ်းမည့်အလုပ်ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပုထုဇဉ်တို့အဖို့ “ဆိုရေးရှိက၊ ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့” ဟူသည်နှင့်အညီ အင်္ဂါငါးတန်နှင့် ပြည့်စုံသည့်စကားတို့ကို ပြောဆိုကြရပါမည့်အကြောင်း။

No comments:

Post a Comment