Wednesday, October 16, 2024

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်းအကောက်မခံရသေးသော ပြည်သူများအား အောက်တိုဘာ (၃၁) ရက်နေ့အထိ ဆက်လက်ကောက်ယူပေးသွားမည်

နေပြည်တော် အောက်တိုဘာ ၁၆

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်နေ့အထိ (၁၅) ရက်ကြာ ကောက်ယူခဲ့သည်။

ထိုသို့ကောက်ယူခဲ့ရာတွင် စာရင်းစစ်၊ စာရင်းကောက်များသည် CAPI နည်းပညာဖြင့် Mobile Tablet များအသုံးပြုကာ ကောက်ယူမေးမြန်းလျက်ရှိပါသည်။ သန်းခေါင်စာရင်း ရည်ညွှန်းချိန်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ မေးမြန်းကောက်ယူခဲ့သည်။

ဒါ့အပြင် စာရင်းစစ်၊ စာရင်းကောက်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေနှင့်အညီ အကာအကွယ်ပေးထားသကဲ့သို့ ပြည်သူများ၏ ဖြေကြားချက်များနှင့် အချက်အလက်များကိုလည်း လုံခြုံစိတ်ချမှုရှိစေရန်၊ ဘက်လိုက်သော ခန့်မှန်းမှုများမရှိစေရန်အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိကောက်ယူခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း အကောက်မခံရသေးသော ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီထံသို့ဆက်သွယ်နိုင်ပြီး ဆက်သွယ်လာသည့်ပြည်သူများအား ပြန်လည်စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်မေးမြန်း အကြောင်းကြားလိုပါက ဖုန်းနံပါတ် ၀၆၇ - ၄၃၁၀၆၂ ၊ ၀၆၇ - ၄၃၁၃၅၉ ၊ ၀၆၇ - ၄၃၁၀၆၇၊ ၀၆၇- ၄၃၁၃၃၉ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment