Thursday, October 17, 2024

ထူးမြတ်သည့် အဘိဓမ္မာလွှမ်းခြုံ သီတင်းကျွတ်လပြည့်အခါသမယ

မြန်မာတို့၏ ၁၂ လရာသီကာလများအနက် သီတင်းကျွတ်လ သီတင်းကျွတ် အခါသမယသည် ဘာသာတရားများ ထုံမွမ်းသော ထူးမြတ်သည့်ကာလဖြစ်သည်။ သီတင်းကျွတ်ကို ဆီမီးတန်ဆောင်းထွန်းညှိပူဇော်ခြင်း၊ ကောင်းမှုအထူးပြုလုပ်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာပွဲတော်ဆင်နွှဲခြင်းဟု အများပြည်သူတို့က သိမှတ်ထားကြသည်။ တကယ်တမ်းတွင် သီတင်းကျွတ်ကာလအခါသမယကို ထိုထက်မက အထူးပြုကြ၊ အလေးအမြတ်ပြုကြရမည်ဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် ခုနစ်ဝါမြောက် ဝါကပ်ရင်း မယ်တော်မိနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို သုံးလတိတိ ဟောတော်မူလာခဲ့ရာ အဘိဓမ္မာတရားတော်ကို ပြီးပြည့်စုံစွာ ဟောကြားခြင်းပြီးဆုံးခဲ့သည်။ ထိုသို့ အဘိဓမ္မာတရားဟောကြားမှု ပြီးပြည့်စုံသည့် သီတင်းကျွတ်လပြည့်နေ့ကို အမွှမ်းတင်၊ တရားတော်ကို အလေးအမြတ်ပြု၊ မြတ်ဗုဒ္ဓကိုလည်း ပူဇော်ရာရောက်စေရန်အတွက် သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု ရှေးပညာရှိတို့က သတ်မှတ်ထားရှိခဲ့ကြသည်။ အစဉ်အလာကောင်းမှု အထူးပြုလုပ်လာကြသည်။

အဘိဓမ္မာဆိုသည်မှာ လွန်ကဲသော သာလွန်သောတရား၊ ထူးကဲသောတရားဖြစ်သောအနက်ကြောင့် အဘိဓမ္မာဟုမည်သည်။ တစ်နည်းဆိုလျှင် အဘိဓမ္မာဟူသည် သာလွန်သောတရား၊ သာလွန်သောဒေသနာ၊ ထူးကဲသောတရား၊ ထူးကဲသော ဒေသနာဟုဆိုသည်။ မြတ်စွာဘုရားရှင်၏ စကားတော်၊ ပိဋကတ်တော်သည်အကျဉ်းချုပ်အားဖြင့် ဓမ္မနှင့် ဝိနယနှစ်မျိုးသာရှိသည်။ ဝိနယဆိုသည်မှာ ဝိနည်း၊ ဓမ္မဆိုသည်တွင် သုတ္တန်နှင့် အဘိဓမ္မာနှစ်မျိုးထွက်ပြီး အဘိဓမ္မာဒေသနာတော်သည် သုတ္တန်ထက်လွန်ကဲထူးခြားသည်။ အဘိဓမ္မာဒေသနာတော်သည် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော တရားအနှစ်ချုပ်ဖြစ်သည်။

အဘိဓမ္မာဒေသနာတော်ကို မြတ်စွာဘုရားရှင်က နတ်ဗြဟ္မာများကို ဟောကြားတော်မူပြီးနောက် အရှင်သာရိပုတ္တရာကို အကျဉ်းချုပ်ဟောကြားသည်။ အရှင်သာရိပုတ္တရာက တစ်ဆင့်ဆောင်ယူလာပြီးနောက် တပည့်ရဟန်းတော် ၅၀၀ တို့ကို ဟောကြားခဲ့သည်။ ထိုရဟန်းတော် ၅၀၀ သည် အဘိဓမ္မာတရားကို ဦးစွာဆောင်ယူခဲ့သော ပုဂ္ဂိုလ်များဖြစ်သည်။ ရဟန်းတော် ၅၀၀ မှဆက်၍ တပည့်အဆက်ဆက်ဆောင်ယူလာခဲ့ရာ ယနေ့ထက်တိုင် သာသနာတော် ထွန်းလင်းတောက်ပပြန့်ပွားနေခြင်းဖြစ်သည်။ သာသနာတော်၏အနှစ် အဘိဓမ္မာဒေသနာတရားတော်ကို ဝါတွင်းသုံးလကာလပတ်လုံး ဟောကြားပြီးဆုံးသည့် ဤသီတင်းကျွတ်လပြည့်နေ့သည် သာသနာတော်အတွက် အထူးကဲဆုံးနေ့မြတ်အဖြစ် ရည်စူးကြရမည်ဖြစ်သည်။

ဗုဒ္ဓသာသနာ၏ အနှစ်သာရအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု ဝိဂြိုဟ်ပြုကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်အစဉ်အလာအရ တာဝတိံသာနတ်ပြည်မှ ဆင်းသက်ကြွမြန်းလာသော မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ကြသည်မှာ လျော်ကန်သင့်မြတ်ပါပေသည်။

သီတင်းကျွတ်လပြည့်နေ့သို့ရောက်သော် ဘုရား၊ စေတီပုထိုး၊ ကျောင်း၊ ကန်၊ ဓမ္မာရုံ၊ တိုက်တာ၊ အိမ်ရာ၊ အဆောက်အအုံများ၌ ဆီမီးထွန်းပူဇော်ကြသည်။ ရှေးကာလက ရပ်ကွက်လမ်းများတွင် မီးထွန်းပွဲများပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲပြုလုပ်ကြသည်။ ကျေးလက်တောရွာများတွင် မိသားစုနှင့်အတူ စီးပွားရှာဖက်နွားများအတွက်ပါရည်ရွယ်၍ နွားတင်းကုပ်များပါမကျန် ဆီမီးထွန်းကြသည်။ ဆင်းရဲပင်ပန်းလှသည့် ဘဝမှလွတ်ကြောင်း ကောင်းမှုရည်စူးကြသည်။

သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ပြုလုပ်ကြသည်ဖြစ်စေ၊ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးထွန်းပူဇော်ကြသည်ဖြစ်စေ ကောင်းသောအမှုများကို ပြုလုပ်ကြသည်ဖြစ်၍ ကြိုဆိုရမည်ဖြစ်သည်။ မြန်မာလူမျိုးများအတွက်သာမက ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူမျိုးအားလုံးနှင့် သက်ဆိုင်သည့် ကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓကိုရည်မှန်းသည့် ဆီမီးပူဇော်ပွဲများ၊ အဘိဓမ္မာဒေသနာတရားတော် ရွတ်ဆိုပူဇော်မှုများ ပြုလုပ်ကြရမည်ဖြစ်သည်။ အစဉ်အလာကောင်းသည့် ဘာသာရေးအခြေခံ အဘိဓမ္မာအခါတော်ပွဲ၊ ဆီမီးထွန်းပူဇော်ပွဲ၊ ပဝါရဏာပွဲ၊ မြင်းမိုရ်မီးပူဇော်ပွဲစသည်တို့ကို တစ်နိုင်ငံလုံး စိတ်တူကိုယ်မျှ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းပြုလုပ်ကြခြင်းဖြင့် နိုင်ငံတစ်ဝန်းသာယာဝပြောပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေမည်ဖြစ်သည်။

သို့ဖြစ်ရာ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် သာလွန်ထူးကဲမွန်မြတ်သည့် နေ့ထူးနေ့မြတ် အခါကာလဖြစ်သည့်အပြင် အများပြည်သူတို့အနေဖြင့် အားလပ်ရက်ကာလဖြစ်၍ စိတ်လက်ကြည်သာ ပျော်ရွှင်ချမ်းမြေ့မှုတို့ကို သန်ရာသန်ရာ ပြုလုပ်ကြသလို တာဝတိံသာနတ်ပြည်မှ ဆင်းသက်ကြွမြန်းလာသော မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးပူဇော်ခြင်း၊ ထူးကဲသာလွန်သည့် အဘိဓမ္မာဒေသနာ တရားတော်များကို ရွတ်ဖတ်နာကြားပူဇော်ကြခြင်းဖြင့် ကောင်းမှုအစုစုတို့အပြင် လောကတစ်ခွင်၌ အေးချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment