Wednesday, October 2, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့်မွန်ပြည်နယ် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားတက်ရောက်


 မော်လမြိုင် အောက်တိုဘာ ၂                   

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ခဲ့သည်။






ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူ့အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်လာခဲ့တာဟာ ယနေ့ဆိုလျှင် နှစ် (၆၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ခေတ်နဲ့အညီ ရဲတပ်ဖွဲ့ကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းပြီး တပ်မတော်နှင့်အတူ လက်တွဲ ပူး‌ပေါင်းဆောင်ရွက်ကာ အင်တာပိုလ်အဖွဲ့ချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှာ နိုင်ငံတကာရဲလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအချက် အလက်များဖလှယ်မှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၏ကဏ္ဍအလိုက် ရည်မှန်းချက်တာဝန်များကို ချမှတ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိတာကို တွေ့ရမှာဖြစ်ကြောင်း၊  ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်နိုင်ရေးမှာ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသလို နောက်ဆက်တွဲဆိုးကျိုးများ သိရှိဆင်ခြင်နိုင်ရေး အသိပညာပေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို ပစ်မထားဘဲ တပ်ဖွဲ့ဝင်နဲ့ မိသားစုများထံသို့ သွားရောက်ထိတွေ့ အားပေးဆောင်ရွက်ခဲ့ပြီး စားနပ်ရိက္ခာများ၊ စက်သုံးဆီနှင့် အခြား လိုအပ်သည်များကို ထောက်ပံ့ပေးလျက်ရှိသည့်အပြင် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းရွက်ခဲ့သူ များကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ဥပဒေကိုကိုင်တွယ် အသုံးပြုရာမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကာ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေမှ ဖတ်ကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းမှူး၏ဇနီး၊ ပြည်နယ်ဝန်ကြီးများက နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအား အမှုထမ်းကောင်းလက်မှတ်များနှင့် ရာထူးအဆင့်မြင့်တိုးမြှင့်ခြင်း၊ ရဲတပ်ဖွဲ့စခန်းအလိုက် အကောင်းဆုံး စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ သင်တန်း ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်း၊ အိမ်ရာဝင်းများအား သန့်ရှင်းရေး၊စိုက်ပျိုးရေး၊ မွေးမြူရေး ဘက်စုံအကောင်းဆုံးဆုများကိုဆုရ ပြည်နယ်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုများ၊ တာဝန်သိ ဆောင်ရွက်ပေးကြသည့် ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုခွေပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့‌ကြကာ မွန်ပြည်နယ်ရဲတပ်ဖွဲ့၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းက၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂုဏ်ပြုခံ ဘိုးဘွားများ၊ အမျိုးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာတစ်ဝှမ်းမှာ သက်ကြီးပုဂ္ဂိုလ်များ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုများနဲ့ အခွင့်အလမ်းများကို ဖြေရှင်းပေးနိုင်ရန်နှင့် သက်ကြီးပုဂ္ဂိုလ်များက လူ့အဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့တာတွေကို အသိအမှတ်ပြုသောအားဖြင့် နှစ်စဉ်အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ် များနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပြုလုပ်‌လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ပုခုံးပြောင်း တာဝန်ယူမယ့် မျိုးဆက်သစ်လူငယ်များအနေဖြင့် သက်ကြီးပုဂ္ဂိုလ်များရဲ့ အခွင့်အရေးများကို အသိအမှတ်ပြုဖော်ဆောင်ပေးခြင်း၊ လေးစားစွာဆက်ဆံပေးခြင်း၊ ပြုစုစောင့်ရှောက်မှုပေးခြင်းများကို လုပ်ဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အဘိုး၊ အဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ရှိခိုး ကန်တော့ခဲ့ကြပြီး ဂါရဝလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကာ အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးမှဆုတောင်းမေတ္တာ ပြန်လည်ပို့သခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ သက်ကြီး ဘိုး၊ ဘွား (၁၁၇) ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၃၀၆၈၀၀၀)၊ ဆေးဝါးများ၊ တစ်ကိုယ်ရေသုံးနှင့် ကျန်းမာရေးသုံးပစ္စည်း များ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment