Thursday, October 3, 2024

ခရီးသွားဖွံ့ဖြိုး စီးပွားတိုးတက်


 

အဝန်းဖြေရန်အတွက်၊ ပျော်ရွှင်မှုအတွက်၊ လုပ်ငန်းကိုင်ငန်းစီးပွားရေးအတွက် စသည်ဖြင့် ကမ္ဘာအနှံ့ခရီးသွားလာကြခြင်းကို အကြောင်းပြု၍ ခရီးသွားလုပ်ငန်းများပေါ်ပေါက်လာသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံခြားဝင်ငွေရှာနေနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍အခြားလုပ်ငန်းများကိုပါ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖွံ့ဖြိုးတိုးတက်လာစေခြင်းစသည်ဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် တတိယမြောက် ဝင်ငွေအများဆုံးရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ၏ ၁ဝ ၁သမ ၃ ရာခိုင်နှုန်းကို ခရီးသွားလုပ်ငန်းက ဖန်တီးပေးလျက်ရှိရာတွင် သဘာဝသယံဇာတများ ကုန်ခန်းသွားခြင်းမရှိဘဲ ဝင်ငွေများများရရှိနိုင်ခြင်းကြောင့် ကမ္ဘာဖွံ့ဖြိုးဆဲနိုင်ငံများကရော ဖွံ့ဖြိုးပြီးနိုင်ငံများကပါ ခရီးသွားလုပ်ငန်းကို အလေးထားလုပ်ကိုင်ကြသည်။ ၎င်းတို့နိုင်ငံများရှိ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုများကို နိုင်ငံတကာခရီးသွားများစိတ်ဝင်စားသိရှိလာစေရန် မီဒီယာနည်းလမ်းမျိုးစုံဖြင့် ဈေးကွက်မြှင့်တင်ကြသည်။ ၂၀၀၉ ခုနှစ်နှောင်းပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအားလုံးတို့တွင် ခရီးသွားလုပ်ငန်‌များ အကြီးအကျယ်ထိခိုက်ခဲ့ရသည်။ ကပ်ရောဂါပျံနှံ့မှုအရှိန်မြင့်တက်နေစဉ်ကာလအတွင်း ခရီးသွားလာမှုများကန့်သတ်ထားပြီး မြို့ရွာများ လော့ဒေါင်းချခံရသဖြင့် ခြေချုပ်ကျသကဲ့သို့ ခံစားခဲ့ကြရသော ကမ္ဘာ့လူသားသန်းပေါင်းများစွာတို့မှာ ကိုဗစ်- ၁၉ ရောဂါကို စတင်ထိန်းချုပ်လာနိုင်သည့်အချိန်တွင် ကမ္ဘာအနှံ့ ခရီးလှည့်လည်ခြေဆန်ကြရန် စိတ်အားထက်သန်လာကြသည်။ ကိုဗစ်-၁၉အလွန် နိုင်ငံများစွာတို့တွင် အခြားစီးပွားရေးလုပ်ငန်းများထက် ခရီးသွားလုပ်ငန်းက လျင်လျင်မြန်မြန် နာလန်ထလာနိုင်ကြသည်။

မိမိတို့နိုင်ငံသည် ခရီးသွားလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ရန်အတွက် အရင်းအမြစ်ကောင်းများစွာပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာတို့၏ အသွေးအရောင်များပြားစုံလင် လှစွာသောယဉ်ကျေးမှုများ၊ ကွဲပြားခြားနားသည့် မြင်ကွင်းများနှင့် သဘာဝရေမြေတောတောင်များ၊ ရှေးဟောင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များစသည်ဖြင့် ပြည်တွင်းပြည်ပခရီးသွားများ လည်ပတ်စရာ ခရီးစဉ်ဒေသများစွာ ရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော် မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့ကြပြီး ယခုနှစ် ပထမငါးလအတွင်း ခရီးသွားငါးသိန်းကျော် ဝင်ရောက်ခဲ့ရာ ယခင်နှစ်ကထက် ခရီးသည်ပိုမိုဝင်ရောက်လာနိုင်သည့်အခြေအနေပင်ဖြစ်သည်။ အကယ်၍သာ နိုင်ငံတစ်ဝန်း အေးချမ်းသာယာမည်၊ လုံခြုံမှုတည်ငြိမ်မှု အပြည့်အဝရရှိမည်ဆိုပါက ယင်းထက်အဆများစွာ ဝင်ရောက်လာကြမည်၊ ခရီးစဉ်ဒေသများတွင် ခရီးသွားဧည့်သည်များစည်ကား၍ ဒေသခံပြည်သူများအလုပ်အကိုင် စီးပွားပွင့်လန်းကြမည်ဟု မျှော်လင့်နိုင်သည်။ ခရီးသွားလုပ်ငန်းများ အောင်မြင်မှုမှတစ်ဆင့် ဒေသများလျင်လျင်မြန်မြန် ပိုမိုဖွံ့ဖြိုးလာနိုင်မည်လည်းဖြစ်သည်။ လက်ရှိအခြေအနေတွင် တည်ငြိမ်အေးချမ်းမှုမရှိသည့်ဒေသများ ငြိမ်းချမ်းရေးတည်ဆောက်နိုင်သည့် ဒေသများမှာ ခရီးသွားလုပ်ငန်းသည် မျှော်လင့်၍မရသေးသည့် အနေအထားပင်ဖြစ်သည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားခဲ့ရာ ဝန်ကြီးဌာနနှင့်ခရီးသွားအဖွဲ့အစည်းများအနေဖြင့် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ဆောင်ရွက်ခြင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ခရီးစဉ်ဒေသများသည် လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာသွားလာလည်ပတ်နိုင်သည့် ပကတိအခြေအနေမှန်များကို ခရီးသွားဧည့်သည်များထံ အချိန်တိုတိုအတွင်း ထိထိရောက်ရောက် သိရှိစေမည့်နည်းလမ်းများကို အသုံးပြုဆောင်ရွက် ကြရန်လိုအပ်ကြောင်း "ထည့်သွင်းပြောကြားခဲ့သည်။ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ ပွင့်လန်းလာသည်နှင့်အမျှ ဒေသစီးပွား နိုင်ငံ့စီးပွားမြင့်မားမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ရာ ဒေသများတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး၊ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment