Thursday, October 3, 2024

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရှမ်းပြည်နယ် (တောင်ပိုင်း) ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး


နေပြည်တော် အောက်တိုဘာ ၂

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင် ရေးကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်သို့ရောက်ရှိပြီး ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ကလောမြို့ပေါ် ရပ်ကွက်များအား ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်ကြီးမြို့နယ် သံတဲကျေးရွာသို့ရောက်ရှိကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံစိုက်ပျိုးသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများထောက်ပံ့ပေးလျက်ရှိပြီး ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင် (နေကြာဆီထွက်သီးနှံ) စီမံကိန်းမှချေးငွေများ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်းပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တောင်ကြီးမြို့နယ်အတွင်း နေကြာစိုက်သမဝါယမအသင်း ငါးသင်း၊ အသင်းသားတောင်သူ ၁၅၆ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၇၀၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ၊ သွင်းအားစုဓာတ်မြေဩဇာများ၊ ရုရှားသဘာဝရွက်ဖျန်းဆေးရည်များကို အသင်းသားတောင်သူများထံလည်းကောင်း၊ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တောင်ကြီးမြို့နယ် မိုင်းသော် (အနောက်) ကျေးရွာအုပ်စု ပန့်ပုန်းကျေးရွာအတွက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village) ရန်ပုံငွေကျပ်သိန်း ၄၀၀ နှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ရန်ပုံငွေကျပ်သိန်း ၃၀၀ တို့ကို ကျေးရွာကော်မတီဝင်များထံလည်းကောင်း ပေးအပ်ကြသည်။

ဆက်လက်၍ ညောင်ရွှေမြို့ ရွှေရတုဆွမ်းစား ကျောင်း၌ ရောက်ရှိနေသော ညောင်ရွှေမြို့နယ် အတွင်းမှ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးပြီး ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက်ဟိုပုံးမြို့နယ် စံဖူးကျေးရွာသို့‌ရောက်ရှိပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများကိုလည်းကောင်း၊ ဟိုပုံးမြို့နယ်အတွင်း စံဖူးကျေးရွာအပါအဝင် ကျေးရွာ ၁၆ ရွာ၌ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျေးရွာရေပေးရေးလုပ်ငန်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ စီကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ဟိုပုံးမြို့၌ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်းအဖြစ် သင်တန်းသူ ၁၄ ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော အခြေခံစက်ချုပ်နည်းပညာသင်တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့်တွေဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ ထူးချွန်သူသင်တန်းသူများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment