Thursday, October 3, 2024

တိုင်းကျိုးပြည်ပြု အမျိုးသားရေးလှုပ်ရှားမှု


 

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး အမျိုးသားရေးလုပ်ငန်းစဉ်လှုပ်ရှားဆောင်ရွက်မှုကို နိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း စတင်ပြုလုပ်နေပြီဖြစ်သည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီးတွင် နိုင်ငံတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။

နိုင်ငံတစ်နိုင်ငံသည် သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ်အခြေခံ၍ နိုင်ငံ၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်သဖြင့် နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု လုပ်ငန်းစဉ်ကြီးဖြစ်သည်။ လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကိုနိုင်ငံအလိုက် ၁၀ နှစ်တစ်ကြိမ် ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံတွင်လည်း ၁၀ နှစ်တစ်ကြိမ် ကောက်ယူလေ့ရှိသည်။

လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းသည် အစိုးရနှင့်သာသက်ဆိုင်သည့် လုပ်ငန်းမဟုတ်ဘဲ နိုင်ငံအတွင်းရှိ ပြည်သူအားလုံးနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည်။ လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းအလိုက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ် များ၏ ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေ အခြေခံအသုံးပြုနိုင်အောင် ကောက်ယူခြင်းဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို အဓိကသက်ဆိုင်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သော်လည်း ပြည်သူအားလုံးနှင့်သက်ဆိုင်သောလုပ်ငန်းဖြစ်၍ အားလုံးကဝိုင်းဝန်းကူညီဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရန် ၂၀၁၄ ခုနှစ် တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးနောက် ၁၀ နှစ်ကြာသည့် ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ဆိုင်ရာမေးခွန်း ၄၁ ခုကိုသာ မေးမြန်းကောက်ယူခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းအင်းအချက်အလက်များ ပိုမိုပြည့်စုံစေရန်အတွက် မေးခွန်း ၂၇ ချက်တိုးမြှင့်၍ သန်းခေါင်စာရင်းဆိုင်ရာမေးခွန်း ၆၈ ခုကို မေးမြန်းကောက်ယူသွားမည်ဖြစ် ကြောင်း သိရသည်။

ထပ်မံတိုးမြှင့်ကောက်ယူမည့် အချက်အလက်များအနက် ထင်ရှားသောဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် ပညာဆက်လက်မသင်ကြားရသည့် အဓိကအကြောင်းရင်း၊ အိမ်အကြောင်းအရာကဏ္ဍတွင် အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ် စသည်တို့အား တိုးမြှင့်မေးမြန်းထားပြီး ယင်းအချက်များသည် ပြည်သူလူထု၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍတို့တွင် အစိုးရကမည်သို့ဖြည့်ဆည်းပေးရမည်ကို သုံးသပ်ထားသည့် မေးခွန်းများဖြစ်သည်။ စာရင်းကောက်ယူသူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက်ကောက်ယူမည်ဖြစ်ရာ လာရောက်ကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားဖြစ်ခြင်း/မဖြစ်ခြင်း၊ နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့်မသက်ဆိုင်ပေ။ သန်းခေါင်စာရင်းကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း/ မရှိခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိခြင်း/မရှိခြင်းနှင့်လည်း သက်ဆိုင်ခြင်းမရှိပေ။ သန်းခေါင်စာရင်းတွင် ထည့်သွင်းမကောက်ယူရမည့်သူများမှအပ သန်းခေါင်စာရင်း ရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရှိနေသူအားလုံးကိုသာ စာရင်း ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းမှ သိရှိရသည့်ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အခွန်ကောက်ခံခြင်း၊ အရေးယူခြင်းတို့ကို လုံးဝပြုလုပ်မည် မဟုတ်ပေ။ မေးမြန်းထားသည့်မေးခွန်းတွင် နိုင်ငံခြားသို့ ရောက်ရှိနေသော အိမ်ထောင်စုဝင်များအတွက်လည်း စိုးရိမ်ရန်မလိုသည့်အပြင် မည်သို့မျှ အရေးယူမည်မဟုတ်သည်ကို သိရှိထားရန်လိုအပ်သည်။

သို့ဖြစ်ရာ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် ၁၀ နှစ်တာကာလအတွင်း ကွာဟသွားသော ကိန်းဂဏန်းအချက်အလက်များကို အမှန်ပြန်ဖြစ်စေရန်အတွက် ကောက်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာများနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်ရမည့် စီမံကိန်းများကို အထောက်အကူပြုစေရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးနိုင်ရန်နှင့် စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အထောက်အပံ့ပြုရေးဖြစ်ရာ တိုင်းကျိုးပြည်ပြု အမျိုးသားရေးလှုပ်ရှားမှုတွင် အားလုံးပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment