Friday, October 18, 2024

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး မီးထွန်းပွဲတော်များကျင်းပကာ မြို့လုံးအနှံ့စည်ကားလျက်ရှိ

 

မန္တလေး အောက်တိုဘာ ၁၇

ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီးညပိုင်းတွင် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်၍ မီးထွန်းပွဲတော် အစီအစဉ်များကျင်းပကာ မြို့လုံးအနှံ့ စည်ကားလျက်ရှိသည်။






မန္တလေးပြည်သူများသည် သီတင်းကျွတ်လပြည့်နေ့ ဓလေ့ထုံစံအတိုင်း နံနက်အရုဏ်တက်တွင် မဟာမုနိဘုရားကြီးသို့ ဦးခိုက်ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီးများနှင့် ရွှေသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြပြီး မြို့တွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသည့် ရွှေကျီးမြင်မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားများအပြင် အောင်တော်မူဘုရား၊ ကျောက်စိမ်းစေတီတို့တွင်လည်း ကုသိုလ်ပြုကြသူများ၊ ဘုရားစေတီများ၏ အေးချမ်းသည့်အရိပ် အာဝါသအောက်တွင် တရားဘာဝနာ ပွားများအားထုတ်ကြသူများကို တွေ့မြင်ရသည်။

ကြိတ်ကြိတ်တိုးစည်ကား

ထို့အတူ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော် ကြီးမြတ်စွာဘုရား၊ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားတို့၏ ဘုရားသုံးဆူ ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကိုလည်း အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ယနေ့သီတင်းကျွတ်လပြည့်နေ့တွင် အလှူရှင်ပြည်သူများနှင့် ဘာသာရေးအသင်း အဖွဲ့အသီးသီးတို့က ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ပန်း၊ ရေချမ်း၊ လျှပ်စစ်မီး၊ ဖယောင်းတိုင် ဆီမီးထွန်းညှိပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပြီး ညပိုင်းတွင် ပွဲတော်လာ ပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲနှင့်အတူ ကျုံးတောင်ဘက်ခြမ်းရှိ ၂၆ လမ်းပေါ်၊ ၆၆လမ်းမှ ၇၃ လမ်းအတွင်း စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လာရောက်ကုသိုလ်ယူကြသည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများဖြင့် စည်ကားများပြားခဲ့သည်။

အဆိုပါပူဇော်ပွဲတွင် ပြည်သူများက ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်တွင်ထားရှိသည့် ကုသိုလ်တော်ပုံတူစေတီတော်၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးတစ်သောင်းထွန်းညှိပူဇော်ခဲ့ကြပြီး ၂၆ လမ်းတစ်လျှောက်တွင်လည်း အလှဆင်မီးများ ထွန်းညှိပူဇော်ထားရာ ကြည့်ရှုရသူများအတွက် ကုသိုလ်စိတ်များဖြင့် ကြည်နူးစေခဲ့သည်။

ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး ရှေ့ရှိ ဖျော်ဖြေရေးမဏ္ဍပ်တွင် နိုင်ငံကျော် အဆိုတော်များနှင့် မြို့တော်စည်ပင်သာယာ တေးဂီတအဖွဲ့တို့က ပြည်သူများအား နာမည်ကျော်တေးသီချင်းကောင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဈေးရောင်းပွဲတော် အစီအစဉ်များနှင့် အတူ၊ စတုဒိသာမဏ္ဍပ်များကလည်း ပွဲတော်လာရောက်သူများ အား ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။

ဆီမီးထွန်းညှိပူဇော်

ထို့အတူ မန္တလေးမြို့အတွင်းရှိ အထင်ကရဘုရားများနှင့် ရပ်ကွက်အတွင်းရှိ ဘုရား၊ စေတီများ၊ ဓမ္မာရုံများနှင့် နေအိမ်များတွင် မြတ်စွာဘုရားရှင်ကိုရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ခြင်း၊ ကလေးငယ်များက မီးရှူးမီးပန်းများနှင့် မီးပုံးအရုပ်များဖြင့် ပျော်ရွှင်စွာ ဆော့ကစားခြင်းများအပြင် မိသားစုအလိုက် မိဘ၊ ဆရာသမားများအား လိုက်လံဂါရဝပြုကန်တော့ခြင်းများဖြင့် မြန်မာတို့၏ ရိုးရာ ယဉ်ကျေးမှုဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

မောင်အေးချမ်း

No comments:

Post a Comment