Friday, October 18, 2024

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၆) ကြိမ်မြောက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၇

(၁၆) ကြိမ်မြောက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးအမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်ကို နာယူကြည်ညိုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာန နာယက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ်ကြီးထံမှ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြကာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment