Friday, October 18, 2024

သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြား

ရန်ကုန် အောက်တိုဘာ ၁၇

ယနေ့သည် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ကျင်းပကြရာ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။



ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ဆွမ်းတော်ကြီး ကပ်လှူပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလ ခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ)ရေစက်ချအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပ ကြသည်။

ဆက်ကပ်လှူဒါန်း

ဦးစွာ အရုဏ်တက်ချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများကို ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ဆက်ကပ်လှူဒါန်းကြ သည်။

ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အဘိဓမ္မာအခါတော်နေ့ ဆိုင်ရာသိမှတ်ဖွယ်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ် ဆိုခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ (အောင်ပွဲ)နှင့် ရေစက်ချအခမ်း အနားကိုကျင်းပရာ ဩဝါဒါစရိယဆရာ တော်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က ဇယမင်္ဂလာအနုမောဒနာစာတမ်းကို ဖတ်ကြားလျှောက်ထားပြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ ရွှေပြည်သာကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ဝိနယ+ဒီဃနိကာယ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာကြားပြီး ရေစက်ချအမျှပေးဝေကြကာ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ဆီမီးထွန်းညှိပူဇော်

ယနေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ရွှေတိဂုံစေတီတော် မြတ်ကြီးရင်ပြင်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် စောင်းတန်းလေးသွယ်၌ ဘုရားဖူးလာပြည်သူများဖြင့် ကြိတ်ကြိတ် တိုးအထူးစည်ကားလျက်ရှိပြီး အလှူရှင်များက စတုဒိသာအဖြစ် ရေသန့်၊ အချိုရည်၊ ပေါင်မုန့်များ ကျွေးမွေးကြကာ ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာ ရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာ ပြည်သူများသည် ရွှေတိဂုံစေတီတော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီး ၁၁၀၀၀ ကို ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့ကကြီးမှူး၍ သီတင်းကျွတ် လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကို ဂန္ဓကုဋိတိုက်အတွင်း၌ လည်းကောင်း၊ သီရိမင်္ဂလာကမ္ဘာအေးစေတီ တော်ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့) အခမ်းအနားကို ဂေါပကအဖွဲ့ရုံးအပေါ်ထပ်၌ လည်းကောင်း၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အဘိဓမ္မာ ခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နန်းဦးဘုရားတန်ဆောင်း၌ လည်းကောင်း ကျင်းပကြပြီးညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်ကြသည်။

အလားတူ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ် စေတီတော်(ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်း သမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်မဟာဓမ္မရံသီအိမ်တော် ရာစေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များကကြီးမှူး၍ ယနေ့နံနက်ပိုင်း အရုဏ်တက်ချိန်တွင် စေတီတော်နှင့်ဘုရား ရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ် အသင်းအဖွဲ့များက အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာအမေးအဖြေများ ပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များ စုပေါင်းရွတ်ဆိုခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ယနေ့သီတင်းကျွတ်လပြည့် (အဘိ ဓမ္မာအခါတော်နေ့)၌ ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများပူဇော်ကြခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေး လှူဒါန်းကြခြင်း၊ မြို့နယ်၊ ရပ်ကွက်အသီး သီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှု ပြုလုပ်ကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုး အဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည် ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့်လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာ အထူးစည်ကား လျက်ရှိသည်ကို တွေ့ရသည်။

သတင်း - ဇော်မင်းလတ်(MNA)

ဓာတ်ပုံ – ကိုကိုဇော်


No comments:

Post a Comment