Tuesday, October 15, 2024

ထူးခြားပြီး အနှစ်သာရပြည့်ဝတဲ့ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုပြိုင်ပွဲကြီးမှာ ဝင်ရောက်ဆင်နွှဲယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲဝင်တွေကိုယ်စား အလွန်ပဲဂုဏ်ယူမိပါတယ်။



(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်၌ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာဖြင့် ကျင်းပလျက်ရှိရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ပညာရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ရေးသားတင်ပြလိုက်ပါသည်။

ဦးဌေးအောင်(လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး)  

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာ သုံးကြိမ်မြောက်ဖြစ်သလို ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကြီးက ဒီနှစ်မှာ (၂၅)ကြိမ်မြောက် ငွေရတုလည်းဖြစ်တဲ့အတွက် နိုင်ငံတော်အတွက်သာမက အနုပညာရှင်များအတွက်ပါ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ ဘာသာရပ်အားလုံးမှာ ၃၉၄ နေရာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဦးရေနဲ့ အုပ်ချုပ်သူစုစုပေါင်း ၆၀၆ ဦးက ပြိုင်ပွဲဝင်ဖို့ အသင့်အနေအထား ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ အခုနှစ်မှာတော့ အထူး သဖြင့် (၁၀-၁၅) အသက်ငယ်တန်းတွေက ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် အားရကျေနပ်မိပါတယ်။ ယခင်နှစ်က ရွှေတံဆိပ် ၈၈ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၂၇ ခု ရရှိခဲ့ပါတယ်။ ဒီနှစ်က ငွေရတုအထိမ်းအမှတ်ဖြစ်တဲ့ အတွက် ယမန်နှစ်ကထက် အရည်အချင်းတွေပိုကောင်းအောင် ကြိုးစားထားတဲ့ပြိုင်ပွဲဝင်တွေကိုလည်း တွေ့ရှိရပါတယ်။ ပြိုင်ပွဲဝင်အားလုံးကလည်း သူတို့သက်တမ်းမှာ ငွေရတုဆိုတဲ့ အထိမ်းအမှတ်မှာ ပါဝင်ဆင်နွှဲယှဉ်ပြိုင်နိုင်တဲ့အဆင့်ဖြစ်တဲ့အတွက် အလွန်ဂုဏ်ယူနေကြပါတယ်။ နိုင်ငံတော်အကြီးအကဲအပါအဝင် နိုင်ငံတော်အနေနဲ့လည်း ဖွင့်ပွဲကြီးကို ခမ်းခမ်း နားနားနဲ့ ဆောင်ရွက်ပေးတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အနုပညာရှင်တွေက ဝမ်းသာဂုဏ်ယူ လျက်ရှိပါတယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ဖို့အတွက် အခုလိုပွဲကြီးက မဖြစ်မနေကျင်းပရမယ့် ပွဲကြီးဖြစ်ပါတယ်။ ဖွင့်ပွဲကြီးမှာ တိုင်းရင်းသားအားလုံးရဲ့ တူရိယာပစ္စည်းတွေနဲ့ တီးခတ်မှုတွေအပါအဝင် ရိုးရာယဉ်ကျေးမှုအားလုံးကို မြင်တွေ့ရတာဖြစ်တဲ့အတွက် အထူးပင် ဝမ်းသာဂုဏ်ယူဖြစ်မိပါကြောင်း ပြောကြားလိုပါတယ်။  

ဦးညွန့်ဝင်း (ညွှန်ကြားရေးမှူးချုပ်၊ အနုပညာဦးစီးဌာန) 

ဒီနှစ်မှာတော့ ထူးထူးခြားခြား (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဦးတည်ချက် (၄) ရပ်နဲ့ ကျင်းပခြင်းဖြစ်ပါတယ်။ ငွေရတုအထိမ်းအမှတ်ဖြစ်တဲ့အတွက် ဖွင့်ပွဲအခမ်းအနားနဲ့ ပြိုင်ပွဲတွေမှာရော ယခင်နှစ်များနဲ့မတူဘဲ တစ်မူထူးခြားဖို့ လမ်းညွှန်ချက်ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားကို အပိုင်း ၂ ပိုင်းနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ခန်းမအထဲအဝင် လျှောက်လမ်းမှာ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်နှစ်ခု ပူးပေါင်းပြီး ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်ဆိုပြီး ခေတ်သုံးခေတ်ကို ကိုယ်စားပြုတဲ့ အကနဲ့ ကြိုဆိုခဲ့ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ တိုင်းရင်းသားရှစ်မျိုးရဲ့ ရိုးရာတူရိယာ ၄၃ မျိုးနဲ့ သံစုံတီးဝိုင်းတီးပြီး ဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကာလမှာလည်း တိုင်းရင်း သားတွေရဲ့ ကိုယ်ပိုင်ရိုးရာတူရိယာတီးခတ်မှုပြိုင်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကြီးကို ၁၉၉၃ ခုနှစ်က ရည်ရွယ်ချက် ကြီးကြီးမားမား အနှစ်သာရပြည့်ပြည့်ဝဝ စတင်ကျင်းပခဲ့တဲ့ အကျိုးကျေးဇူးရဲ့အသီး အပွင့်တွေကို အများကြီးခံစားခဲ့ရပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေက အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်ကို ပညာရှင်အဆင့်တွေ နဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။ ဒါဟာ ထင်သာမြင်သာရှိတဲ့ အသီးအပွင့်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို မျိုးဆက်သစ်လူငယ်တွေက ပိုပြီးလက်တွေ့သိမြင်ခံစားနေရပြီဖြစ်ပါတယ်။ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုဟာ ကိုယ်ပိုင်ယဉ်ကျေး မှုဖြစ်တယ်၊ ကိုယ်ပိုင်ဟန်ရှိတယ်ဆိုတာကို လူငယ်တွေ မျက်မြင်တွေ့ရပြီဖြစ်တဲ့အတွက် ဆက်လက်ထိန်းသိမ်းကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာထင်လင်းအောင် (အုပ်ချုပ်သူ၊ ဧရာဝတီတိုင်းဒေသကြီး)

ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ အခု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြိုင်ပွဲဝင် ၂၆၄ ဦး ပါဝင်ပြီး ပြိုင်ပွဲအမျိုးအစားအကုန်လုံး နီးပါးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ် ပါတယ်။ ရွှေတံဆိပ်ဆုတွေရရှိဖို့ကိုလည်း မျှော်မှန်းထားပါတယ်။ ဆုရရှိဖို့အတွက်လည်း အခုဗဟိုအဆင့် ဝင်မပြိုင်ခင်မှာ ကလေးတွေကို အရည်အသွေးတွေ ပြည့်မီအောင် ဝါရင့်ပညာရှင်ကြီးတွေရဲ့ရှေ့မှာ ထပ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲတွေ ထပ်လုပ်ပေးပါတယ်။ သူတို့တွေ ပြိုင်ပွဲအပေါ်မှာ ယုံကြည်မှုတွေရှိလာအောင် လေ့ကျင့်ပြင်ဆင်ပေးခဲ့ပါတယ်။ ဒီနှစ်က ငွေရတုအထိမ်းအမှတ်လည်းဖြစ်တော့ အရင်နှစ်နဲ့မတူအောင် တစ်မူထူးထူးခြားခြားနဲ့ ပြင်ဆင်ထားတဲ့အပိုင်းတွေလည်းရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ ပြိုင်ပွဲကြီးကို ကျင်းပလာတာ ဒီနှစ်နဲ့ဆို (၃) နှစ်ဆက် တိုက်ရှိပါပြီ။ အခုလို ပြိုင်ပွဲတွေကို ကျင်းပ ပေးတဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ အလွန်ကိုဂုဏ်ယူမိပါတယ်။ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်တဲ့ ဒီပွဲကြီးကို ကျင်းပပေးတဲ့အတွက် နိုင်ငံ တော်အစိုးရကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍကနေ တစ်တပ်တစ်အား ပါဝင်နိုင်ဖို့အတွက် နိုင်ငံသူ၊ နိုင်ငံသားတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဦးသန်းမြတ်စိုး (အကဲဖြတ်ပညာရှင်၊ အဆို၊ အရေးဘာသာရပ်)

ဒီနှစ်ကတော့ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးရဲ့ (၂၅) နှစ်မြောက်ငွေရတု အထိမ်းအမှတ်ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက ထူးထူးခြားခြား ဆောင်ရွက် ထားတာတွေ့ရပါတယ်။ ပြိုင်ပွဲဝင်အရေအတွက်က အရင်နှစ်ကထက်ပိုပြီး ယှဉ်ပြိုင် လာတာတွေ့ရတော့ ဝမ်းသာပီတိဖြစ်ရပါတယ်။ အခုပြိုင်ပွဲဝင်တွေက မြန်မာ့ ယဉ်ကျေးမှုအနုပညာကို ဆက်ခံပြီး နောင်လာနောက်သားတွေကို ဆက်လက် ဖြန့်ဝေသွားမှာဆိုတော့ အင်မတန်မှ ကောင်းမွန်တဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။

ဒေါက်တာအောင်နေမျိုး(အုပ်ချုပ်သူ၊ ရှမ်းပြည်နယ်)

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်သင့် လုပ်ထိုက်တဲ့ ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားသုခုမပညာဆိုတာ ပျောက်ကွယ်ကောင်းတဲ့ ကိစ္စရပ်မဟုတ်ပါဘူး။ ကိုယ့်လူမျိုးတွေရဲ့ အနုပညာရပ်တိုင်းမှာ သင်ရိုးစစ်နဲ့ ခိုင်ခိုင်မာမာရှိပါတယ်။ အနုပညာတိုင်းက စနစ်နဲ့ တိုးတက်ဖွံ့ဖြိုးလာတဲ့ ပညာရပ်တွေ ဖြစ်တဲ့အတွက် ဆက်လက်ထိန်းသိမ်းပြီး တိုးတက်ပြန့်ပွားအောင် လုပ်ရမယ်ဆိုတဲ့ စိတ်ရှိပါတယ်။ ရိုးရာတူရိယာတွေက ကိုယ့်လူမျိုးစုအတွင်းမှာပဲ အသုံးများကြတာဖြစ်ပါတယ်။ အများမြင်ကွင်းမှာ မြင်ခွင့်ရဖို့ ခဲယဉ်းတဲ့ကိစ္စဖြစ်ပါတယ်။ အခုလိုပြိုင်ပွဲမှာ ထည့်သွင်းယှဉ်ပြိုင်ပြီး ချပြလိုက်တဲ့အခါမှာ အားလုံးမြင်ခွင့်ရတဲ့အတွက် တိုင်းရင်းသားအချင်းချင်း တူရိယာတွေပေါင်းစပ်ပြီး အနုပညာ အသစ်တွေ တိုးတက်ဖန်တီးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေ များစွာရရှိသွား မယ်လို့ ယုံကြည်ပါတယ်။ တိုင်းရင်းသားတို့ရဲ့ ရိုးရာတူရိယာတေးဂီတပြိုင်ပွဲကို ထည့်သွင်းယှဉ်ပြိုင်စေတာဟာ အင်မတန် ကောင်းတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

ဦးအောင်တင်ဝင်း(ဥက္ကဋ္ဌ၊ အကဘာသာရပ်)

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ အကဘာသာရပ် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အကဘာသာရပ်က ကျယ်ပြန့်ပါတယ်။ မြန်မာအကမှာ ခေါင်း၊ ခါး၊ ခြေ၊ လက် လေးချက်လှုပ်ရှားမှုကို စည်း၊ ဝါး နှစ်ချက်နဲ့ စစ်ဆေးမှာဖြစ်ပါတယ်။ လေးချက်ရဲ့ လှုပ်ရှားမှုကို အပြစ်ကြည့်ရှာပြီး တည်းဖြတ် အမှတ်ပေးမှာ ဖြစ်ပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပေးလို့ နိုင်ငံတော်အကြီးအကဲကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံး က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်သဘင်၊ အနုပညာ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ ပြောချင် ပါတယ်။

ဦးဘိုဘိုမင်း (အဆိုပြိုင်ပွဲဝင်၊ တနင်္သာရီတိုင်းဒေသကြီး)

ကျွန်တော်က (၂၅)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှာ ဝါသနာရှင်(ပထမတန်း) ခေတ်ဟောင်း တေးဂီတကာလပေါ်ပြိုင်ပွဲနဲ့ ဝါသနာရှင်ဒုတိယတန်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ပထမရဖို့ အကောင်းဆုံး ကြိုးစားပြင်ဆင်လာပါတယ်။ ကျွန်တော့်လို အဆိုဝါသနာရှင်တွေ အတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက အရေးပါတဲ့ ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးက ရရှိလာတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ ပရိသတ်တွေကို အကောင်းဆုံးသီဆိုပြနိုင်တဲ့အတွက် ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူ တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နောက်လာ မယ့် မျိုးဆက်သစ်လူငယ်တွေက ပါဝင်ယှဉ်ပြိုင်ပြီး ကိုယ့်ယဉ်ကျေးမှုအမွေအနှစ် တွေကို ဆက်လက်ထိန်းသိမ်းကြပါလို့ ပြောချင်ပါတယ်။

တွေ့ဆုံမေးမြန်း - အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - အေအေတီ

No comments:

Post a Comment