Thursday, October 17, 2024

အခုလို ပြိုင်ပွဲကြီးကျင်းပဖြစ်တာကို အမြဲတမ်းကြိုဆိုလျက်ရှိပါတယ်။ ဒီပြိုင်ပွဲရှိမှလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာမှာ အထောက်အကူ ပြုသလို မြန်မာ့ရိုးရာအနုပညာတိုးတက်မှုတွေလည်း မြင့်မားလာမှာဖြစ်ပါတယ်

ဒေါ်ထား

အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ခံယူနိုင်ရေးနှင့် မြန်မာ့အနုပညာရပ်များကို မြတ်နိုးတန်ဖိုးထားနိုင်ရေး နိုင်ငံတော်အစိုးရက မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ခမ်းနားစွာကျင်းပခဲ့သည်မှာ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ငွေရတုအထိမ်းအမှတ်သို့ ရောက်ရှိခဲ့သည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ယနေ့ (အောက်တိုဘာ ၁၆ ရက်) တွင် ပြိုင်ပွဲအလိုက် သတ်မှတ်နေရာများ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်ရသည့် အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲဝင်များအား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ရပါသည် -

 







ဒေါ်ထား

ခေတ်ဟောင်းနှင့် ကာလပေါ်

အကဲဖြတ်ပညာရှင်

တိုင်းတစ်ပါးယဉ်ကျေးမှုတွေ လွှမ်းမိုးလာတဲ့ ယနေ့ခေတ်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု မပျက်ရအောင် ထိန်းသိမ်းလာခဲ့တာ အခုဆိုရင် (၂၅)ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ကျင်းပပေးလျက်ရှိတဲ့ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေရှိနေလို့လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေ မပျောက်တာလို့လည်း ပြောလို့ရပါတယ်။ ခေတ်ကာလ ကလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်ပါ တယ်။ ခေတ်ဆိုတာကတော့ ရေစီးကြောင်းသဖွယ် စီးဆင်းနေ တာဖြစ်တဲ့အတွက် ရေစီးကြောင်းဆိုတာ ပိတ်လို့မရပါဘူး။ ခေတ်ကလည်း ခေတ်ရေစီးကြောင်း အလျောက်သွားမယ်။ ကျွန်မတို့ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း ကိုယ့်ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ အတွက် ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်။ အဲဒီလို ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့အတွက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ မြန်မာလူမျိုးတွေမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ အခုခေတ်ဟောင်းနဲ့ ကာလပေါ်ပြိုင်ပွဲမှာ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုက အတော်လေး ကောင်းပါတယ်။ ဒီနှစ်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးရဲ့ ငွေရတုအထိမ်း အမှတ်နှစ်လည်း ဖြစ်တာကြောင့် ပြိုင်ပွဲဝင်ဦးရေလည်း ပိုများလာတယ်။ အားကြိုးမာန်တက် ယှဉ်ပြိုင်နိုင်ဖို့အတွက် ကလေးတွေကလည်း အတော်လေး ကြိုးစားလာပါတယ်။ တိုင်းရင်းသား တိုင်းရင်းသူတွေက အတော် လေးဆိုနိုင်တာကို တွေ့ရတာ ဝမ်းသာစရာပါပဲ။ ကျွန်မတို့ကတော့ မြန်မာမှုအပိုင်းကဆိုတော့ ကလေးတွေ အရည်အချင်း ပြည့်ဝနေတာတွေ့တော့ ပီတိဖြစ် ဝမ်းသာမိပါတယ်။ အခုလိုပြိုင်ပွဲ ကြီးကျင်းပဖြစ်တာကို အမြဲတမ်းကြိုဆိုလျက်ရှိပါတယ်။ ဒီပြိုင်ပွဲ ရှိမှလည်း မြန်မာ့ရိုးရာယဉ်ကျေး မှုကို ထိန်းသိမ်းရာမှာ အထောက်အကူပြုသလို မြန်မာ့ရိုးရာအနုပညာ တိုးတက်မှုတွေလည်း မြင့်မား လာမှာဖြစ်ပါတယ်။ မျိုးဆက်သစ် တွေအနေနဲ့လည်း အခုနှစ်လိုပဲ နောင်နှစ်တွေမှာလည်း အမြဲတမ်း အားကြိုးမာန်တက်နဲ့ ပါဝင် ယှဉ်ပြိုင်ကြပါ၊ ကြိုးစားကြပါ၊ ပြိုင်ပွဲဝင်ကြပါလို့ တောင်းဆိုချင်ပါတယ်။

ဒေါ်နွဲ့နွဲ့စမ်း

အကပြိုင်ပွဲ

အကဲဖြတ်ပညာရှင်

ဒီနှစ်မှာ အကပြိုင်ပွဲဝင်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းက အတော်လေး တိုးတက်တယ်။ ပြည်နယ်တွေက ပိုတိုးတက်တော့ အားရစရာ၊ ကြည်နူးစရာကောင်း တယ်။ လူဆိုတာ လူမျိုးကွဲတာပဲရှိတယ်။ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုပညာကတော့ လူတိုင်းမှာရှိတဲ့အတွက် အဲဒါတွေကို ပေါင်းစပ်ပြီး ဒီနှစ်မှာဆိုရင် အကဆိုရင်လူမျိုးတိုင်းကရမှာဖြစ်တယ်။ ချင်းရဲ့အနုပညာလေးနက်တာကိုလည်း ဘယ်လောက်ခက်ခဲသလဲ သိသွားမယ်။ မွန်အကဆိုရင်လည်း မွန်အကဟာ ဘယ်လောက် သိမ်မွေ့သလဲ သိသွားမယ်။ အဲဒီလိုအကတွေကို တစ်ဦးနဲ့တစ်ဦးဖလှယ်တာဟာ အလွန်ကြည်နူးစရာ ကောင်းပါတယ်။ လူမျိုးစု တီးဝိုင်းကြီးဆိုရင် သိပ်ချစ်စရာကောင်းတာ။ လူမျိုးစုတွေ ရင်းနှီးသွားတယ်။ ဘယ်နိုင်ငံကလာလာ ဒီတီးဝိုင်းကြီးကို တီးပြထုတ်ပြဖို့ကောင်းတဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ အကုန်ကောင်းပါတယ်။ ချင်းလေးတွေက ဗမာအကကို ကနေတာ ဘယ်လောက်ကြည်နူးစရာ ကောင်းသလဲ။ အဲဒါတွေက တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ ယဉ်ကျေးမှုတွေပါ။ ဒီလိုပွဲမျိုးက နိုင်ငံတော်က လုပ်ပေးတာလေ။ နောက်လည်း နိုင်ငံတော်အနေနဲ့ လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ရုပ်ရှင်တွေဆိုရင် တိုင်းတစ်ပါးက ကူးစက်တဲ့ပညာ၊ အကဆိုတာကတော့ မြန်မာရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုစစ်စစ်ဖြစ်တယ်။ ဒီပွဲတော်ကြီးကို လာပြီး ဒိုင်အဖြစ် တာဝန်ယူရတာ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူတယ်။ ကျေလည်းကျေနပ်တယ်။ ပျော်လည်းပျော်တယ်။ ကျွန်မတို့တုန်းက ဘယ်သူကမှ လုပ်ပေးတာမဟုတ်ဘူး။ ကိုယ့်ခံယူချက်နဲ့ကိုယ် ထိန်းသိမ်းခဲ့ကြရတာ။ ကျွန်မတို့တောင် မြန်မာ့ရိုးရာကို ထိန်းသိမ်းနိုင်ခဲ့ကြတာကို နိုင်ငံတော်မှတာဝန်ရှိသူတွေကလည်း အားပေးတယ်။ ကလေးတွေကလည်း စိတ်ဝင်စားနေတဲ့အချိန်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အားလုံးမှာ တာဝန်ရှိတယ်။ အခုတော့ အဲဒီတာဝန်ကို ကလေးတွေနားလည် သွားပြီဆိုတာသိရတော့ အဲဒါကကို ကျေနပ်စရာ ဖြစ်ပါတယ်။

မယဉ်မွန်ကျော်

အကပြိုင်ပွဲဝင်

အခြေခံပညာ(အသက် ၁၀-၁၅ နှစ်)

ကချင်ပြည်နယ်ကိုယ်စားပြု

ကျွန်မက အကပညာရပ်ကို အသက်ငါးနှစ်အရွယ်ကတည်းက လေ့လာသင်ယူခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး အကတွေကရတာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ။ အဲဒီလို ဝါသနာပါခဲ့လို့လည်း ကျောင်းကပွဲတွေမှာဆို အမြဲတမ်းပါဝင်ကပြဖြစ်ခဲ့ပါတယ်။ အခုလို ဗဟိုအဆင့်ကို ဝင်ပြိုင်ခွင့် ရရှိဖို့လည်း အများကြီးကြိုးစားခဲ့ပါတယ်။ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်း အမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့အတွက် ဆရာသမားတွေ အပါအဝင် ပံ့ပိုးပေးမှုတွေလည်း အတော်လေးအားကောင်းခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အများကြီး တွေ့ရတာဆိုတော့ ရိုးရာဓလေ့ထုံးစံတွေကိုလည်း လေ့လာခွင့်ရရှိသလို အချင်းချင်းကူညီရိုင်းပင်းတတ်တဲ့ စိတ်ဓာတ်တွေကို တွေ့ရတော့ အများကြီးဝမ်းသာမိပါတယ်။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွေ ဆက်လက်ကျင်းပတိုင်း ဝင်ရောက်ယှဉ်ပြိုင်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အကပညာနဲ့ပတ်သက်ပြီး ဆက်လက် သင်ယူသွားမှာဖြစ်သလို သင်ယူပြီးတဲ့ပညာကိုလည်း မျိုးဆက်သစ်တွေကို ထပ်ဆင့်လက်ဆင့်ကမ်းသွားဖို့လည်း စိတ်ကူးထားပါတယ်။

မောင်ရှားဖူးကျော်

အကပြိုင်ပွဲဝင်

ဝါသနာရှင်(ပထမတန်း)

ကရင်ပြည်နယ်ကိုယ်စားပြု

ဖားစည်သံအကနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ ဖြစ်ပါတယ်။ အခုလို အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲရဲ့ ဝါသနာရှင် (ပထမတန်း) မှာ ပထမဆုံးဝင်ပြိုင်ဖြစ်တာပါ။ အကပညာကို ပဉ္စမတန်းကတည်းကစပြီး သင်ယူခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖူးပါတယ်။ အကကို ဝါသနာထုံတာကြောင့် ဇာတ်စင်ပေါ်ရောက်သွားရင် အကောင်းဆုံး ကရမယ်ဆိုတာကိုပဲ တွေးထားပါတယ်။ ဒီနေ့ကပြယှဉ်ပြိုင်ရတာကိုလည်း အားရကျေနပ်မှုရှိပါတယ်။ အကောင်းဆုံးကပြ ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်ကိုနှစ်ထားပါတယ်။ အကပညာရပ်ကို ဆက်လက်သင်ယူလေ့လာပြီး အနာဂတ် မျိုးဆက်တွေဆီ အကပညာရပ်ကို လက်ဆင့်ကမ်းသွားဖို့လည်း မျှော်လင့်ထားပါတယ်။

မောင်စိုးဇော်လတ်

အရေးပြိုင်ပွဲဝင်

ဝါသနာရှင်ဒုတိယတန်း

ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု

ကျွန်တော်တို့က ဂီတနဲ့ပတ်သက်ပြီး ဒီနှစ်က ထူးထူးခြားခြား (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးဖြစ်တာကြောင့် အရေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်မှုကတော့ အများကြီးလုပ်ရပါတယ်။ စာပေတွေဖတ်ရသလို ဂီတနဲ့ ပတ်သက်တာတွေလည်း လေ့လာရပါတယ်။ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ဇာတိသွေး၊ ဇာတိမာန်တက်ကြွတဲ့ အကြောင်းအရာတွေ အများကြီးလေ့လာရ ပါတယ်။ ဂီတနဲ့ပတ်သက်တဲ့ အရာတွေကလည်း အရာအားလုံးကိုလွှမ်းမိုးပြီး အများကြီးပြောင်း လဲပေးစေနိုင်တဲ့အတွက် ပြိုင်ပွဲမဝင်မီကတည်းက ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ပြိုင်ဘက်တိုင်းကလည်း အကောင်းဆုံးပြင်ဆင်လာကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုအနေနဲ့ကလည်း အကောင်းဆုံး ဖြစ်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကြိမ်တုန်းကလည်း တိုင်းဒေသကြီးအဆင့်မှာ ပြိုင်ခဲ့ပါတယ်။ ဒီနှစ်မှ ဗဟိုအဆင့်မှာပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ တစ်လကျော်လောက် နေ့စဉ်ရက်ဆက် လေ့ကျင့်ခဲ့ရပါတယ်။ ဂီတနဲ့ ပြည်အလှဆင်မည်ဆိုတဲ့ ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ရတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ဆိုရင် ဂီတနဲ့ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို နားလည်ထားရဖို့လိုပါတယ်။ ဂီတနဲ့ပတ်သက်တဲ့ အခြေခံတွေကို မသိဘူးဆိုရင်တော့ အရေးပြိုင်ပွဲ ဝင်ဖို့အတွက် အလွန်ခက်ခဲပါလိမ့်မယ်။ အရေးပြိုင်ပွဲဝင်ဖို့အတွက် ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ၊ ဒို ကနေစပြီးတော့ လေ့ကျင့်ပေးပါတယ်။ ကိုယ်တိုင်ကလည်း ဒါတွေကို အခြေခံအနေနဲ့ လေ့လာထားပါတယ်။ ဆရာတွေကတော့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်ပေး ထားပါတယ်။ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှသည် နောင်နှစ်ပေါင်းများစွာ တည်တံ့နိုင်ပါစေ၊ နောင်လာ နောက်သား ညီငယ် ညီမငယ်တွေ အားလုံးလည်း လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းနိုင်ပါစေလို့ ဆုတောင်းပေးလျက်ရှိပါတယ်။

မအိပွင့်ဖြူ

ခေတ်ဟောင်းနှင့်

ကာလပေါ်အဆိုပြိုင်ပွဲဝင်

ဝါသနာရှင်(ဒုတိယတန်း)

ကယားပြည်နယ်ကိုယ်စားပြု

ဒီပြိုင်ပွဲဝင်ဖို့အတွက် ပြဋ္ဌာန်းခြောက်ပုဒ် လေ့လာရပါတယ်။ ဓမ္မစကြာ၊ ကထိန်သင်္ကန်း၊ ဝနိမိတ်၊ နွေမိုးဆောင်း၊ ဂီတဉ္စလီ၊ အာရေဂျံ အဲဒီသီချင်းတွေကို လေ့လာရပါတယ်။ အဲဒီသီချင်း တွေထဲမှာ ဝနိမိတ်ကိုအကြိုက်ဆုံးပါ။ သီချင်းလေးက နိမိတ်ကောင်းတယ်။ အများအတွက်လည်း အေးချမ်းတယ်။ သာသနာတွေ ထွန်းကား၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အတိတ်နိမိတ်တွေ လည်း ကောင်းတဲ့သီချင်းပါ။ အရင်တုန်းက တစ်ကြိမ်ပြိုင်ခဲ့ဖူးပါတယ်။ နှစ်ပေါင်း ၂၀ ကြာမှ အခုနောက်တစ်ကြိမ် ဝင်ပြိုင်ဖြစ်တာပါ။ အများကြီးကြိုးစားသွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ကိုယ့်ရဲ့အနုပညာနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို အထောက်အပံ့ ဖြစ်ချင်တယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ဖြစ်တာကတော့ နောင်ချိုက ကိုခင်မောင်အေးရဲ့ ကျေးဇူး ကြောင့်ပါ။ အခုပြိုင်ပွဲမှာသင်ကြားပေးတဲ့ ဆရာကတော့ ဒေါ်သပြေ ဖြစ်ပါတယ်။ ဆရာတွေကတော့ အများကြီးရှိပါတယ်။ ဒီလိုပြိုင်ပွဲတွေ ကျင်းပပေးလို့လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တွေ့ဆုံဖြစ်တာပါ။ သီးသန့်ဆိုရင် ဆုံဖြစ်မှာမဟုတ်ပါဘူး။ တိုင်းရင်းသား ပေါင်းစုံတွေ့ရတယ်။ ညီအစ်ကိုမောင်နှမတွေ နွေးနွေးထွေးထွေးနဲ့ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး တွေ့ဆုံရတဲ့အတွက်လည်း အများကြီးပီတိဖြစ်မိပါတယ်။

မချောကေခိုင်

စန္ဒရားအတီးပြိုင်ပွဲဝင်

ဝါသနာရှင်(ပထမတန်း)

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု

အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေကို အရင်တုန်းကလည်း ဝင်ပြိုင်ဖူးပါတယ်။ (၂၃)ကြိမ်၊ (၂၄)ကြိမ်နဲ့ အခု(၂၅)ကြိမ်တို့မှာ ဝင်ပြိုင်ဖြစ်တာပါ။ အိမ်မှာ အဖေက ဆိုင်းဝိုင်းထောင်ထားတယ်။ မျိုးရိုးကတော့ အနုပညာမျိုးရိုးဆို တော့ သမီးကလည်း ယဉ်ကျေးမှု တက္ကသိုလ် တက်ဖြစ်ခဲ့ပါ တယ်။ အပြင်မှာဆိုရင် သီချင်းတွေလည်း လိုက်ဆိုတယ်။ စန္ဒရားတွေလည်း တီးတယ်။ အကလည်း ကတယ်။ အဆို၊ အက၊ အတီးတွေ လုပ်ဖူးပေမယ့် အတီးကို ပိုပြီး အားသန်ပါတယ်။ အတီးမှာ စောင်း၊ စန္ဒရားနဲ့ ခြောက်လုံးပတ်တွေကို ပိုပြီးသဘောကျတယ်။ စန္ဒရားကတော့ အပိုင်နိုင်ဆုံး ဘာသာရပ်လို့ ပြောရင်ရပါတယ်။ နွေရာသီဆိုရင် ကလေးတွေကို စန္ဒရားအတီးပညာကို ပရဟိတအနေနဲ့ အဖေက ဦးဆောင်ပြီး သင်ပေးပါတယ်။ ဗဟိုအဆင့်ကိုတက်လာပြီ ဆိုကတည်းက ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုယ်တက်လာတာဆိုတော့ ပြိုင်ဘက်တွေကို အကောင်းဆုံးယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဆုမရခဲ့ဘူးဆိုရင်တောင် ဒီပြိုင်ပွဲကြီးကနေ အတွေ့အကြုံတွေအများကြီးရပါတယ်။ ဒီလိုပြိုင်ပွဲကြီးတွေ နှစ်စဉ်မပြတ် ကျင်းပပေးစေချင်ပါတယ်။ ကျင်းပပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။

No comments:

Post a Comment