Thursday, October 17, 2024

စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်စေဖို့

မောင်မောင်စွယ်စုံထွန်း

ယခုတလော Social Media များတွင် မီးခဏခဏပျက်သည့်အပေါ် ပြည်သူအချို့က ယခင်ကလို “LNG သင်္ဘောကြီးခေါ်ပြီး လျှပ်စစ်ဓာတ်အားထုတ်ပါလား” စသည်ဖြင့် LNG (Liquefied Natural Gas) ဈေးနှုန်းကို ထည့်မစဉ်းစားဘဲ ပြောနေကြသံများကို ကြားရသဖြင့် ဓာတ်အားထုတ်လုပ်ရာတွင် အချိုးကျကျထုတ်လုပ်ရသည့် Generation Mix အကြောင်းကို ရှင်းပြရန် လိုအပ်လာသည်ဟု ယူဆမိပါ၍ ရှင်းလင်းတင်ပြရခြင်းဖြစ်ပါသည်။

ပြည်သူအများစုအနေဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပြည့်စုံတည်ငြိမ်မှုရှိမှသာ လျှပ်စစ်မီးကို တောက်လျှောက်ဆက်တိုက်ပေး၍ ရမည်ဆိုသည်ကို နားမလည်ကြသလို လက်ခံလိုကြခြင်းလည်း မရှိကြ ပါ။ နားလည်လက်ခံကြသည်မှာ သူတို့နေအိမ်နှင့် အလုပ်ရုံများတွင် မီတာခလည်း မတက် ၊ လျှပ်စစ်မီးလည်း ပြတ်တောက်မှုမရှိဘဲ အမြဲမပြတ် ရရှိနေရေးသာ ဖြစ်နေပါသည်။ ထို့ကြောင့် လျှပ်စစ်မီးခဏခဏ မပျက်အောင် ဆောင်ရွက်ရာတွင် အလွန်အရေးကြီး လှသောအချက် တစ်ချက်ဖြစ်သည့် ဓာတ်အားထုတ်လုပ်သည့်စက်ရုံများ အချိုးညီစွာဖြင့် တည်ဆောက်ထုတ်လုပ်သွားနိုင်ရေး (Generation Mix) ကို ဗဟုသုတအနေဖြင့် သိရှိနိုင်ကြစေရန် ယခု ဆောင်းပါးအား ရေးသားတင်ပြလိုက်ရခြင်းလည်း ဖြစ်ပါသည်။                          

Generation Mix ဆိုသည်မှာ မတူညီသည့် စွမ်းအင်အမျိုးအစား (ဥပမာ ရေအား၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည် စသည်ဖြင့်) အသုံးပြုလျက် လျှပ်စစ်ထုတ်လုပ်သည့် ဓာတ်အား ထုတ်လုပ်စက်အမျိုးမျိုးမှ လျှပ်စစ်ကို အချိုးကျထုတ်လုပ်ရောနှောပြီး ထွက်ရှိလာသည့် လျှပ်စစ် များကို ကွန်ရက်ချိတ်ဆက်၍ မီးသုံးသူများထံသို့ ဓာတ်အားသယ်ယူပို့လွှတ်ဖြန့်ဖြူးပေးခြင်းဖြစ် သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

နှစ်စဉ်စီမံကိန်းများချမှတ်

နိုင်ငံတစ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတွင်ရှိသည့် သယံဇာတအရင်းအမြစ်များ၊ စွမ်းအင်အရင်းအမြစ် များ၊ ငွေကြေးအရင်းအမြစ်များကို စီမံခန့်ခွဲနိုင်မှုအပေါ်တွင်မူတည်၍ မိမိနိုင်ငံနှင့်လျော်ညီသည့် ပြည်သူများ လက်ခံနိုင်စွမ်းရှိသော မီတာခနှုန်းထားနှင့်ကိုက်ညီသည့် Generation Mix ကို ကြိုတင် စီမံချက်ရေးဆွဲလျက် ခိုင်ခိုင်မာမာ အတည်ပြုပြီးနောက် အဆိုပါ Generation Mix အချိုးအတိုင်း အနီးစပ်ဆုံးရောက်ရှိအောင် နှစ်စဉ်စီမံကိန်းများ ချမှတ်တည်ဆောက်လျက် ထုတ်လုပ်မှုအပိုင်းကို ဆောင်ရွက်ကြရပါသည်။              

၂၀၁၅ ခုနှစ်က JICA အကူအညီဖြင့် ဂျပန်နှင့်မြန်မာပညာရှင်များက မြန်မာနိုင်ငံအတွက် တစ်နှစ်ပတ်လုံး မီးမှန်မှန်ပေးနိုင်စေမည့် Generation Mix အတွက် ၂၀၃၀ ပြည့်နှစ်အထိ Master Plan တစ်ခုကို ရေးဆွဲထားခဲ့ဖူးသည်။ ယင်း Master Plan အရ ၂၀၂၄ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတွက် စက်တပ်ဆင်အင်အား မဂ္ဂါဝပ်မည်မျှရှိရမည်ဖြစ်သည်ဟု အချိုးကျရေးဆွဲပါရှိခဲ့ပြီး ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် အဆိုပါ Plan အတိုင်း တည်ဆောက်ထုတ်လုပ်နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိတွင် နေ့စဉ်ပျမ်းမျှအားဖြင့် လျှပ်စစ်ထုတ် လုပ်မှုအချိုးသည် သဘာဝဓာတ်ငွေ့နှင့် အခြားက ၅၅ ရာခိုင်နှုန်းဖြစ်ပြီး ရေအားက ၄၅ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်နေသေးရာ Generation Mix အားနည်းချက် ဆက်လက်ဖြစ်ပေါ်ပြီး နွေရာသီရေလှောင်တမံနှင့် မြစ်ချောင်းများရေနည်းချိန် ပြည်သူများဓာတ်အားလိုအပ်ချက် များလာချိန်များတွင် တည်ငြိမ်သောလျှပ်စစ်ဓာတ်အားရရှိရေးအတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါသည်။

ဓာတ်အားပြတ်တောက်မှုနည်းပါးခဲ့

၂၀၁၅ ခုနှစ် နောက်ပိုင်းကာလများတွင် လွတ်လပ်သည့် ဓာတ်အားထုတ်လုပ်သူ (Independent Power Producer - IPP) ကုမ္ပဏီများနှင့် LNG သင်္ဘောများဖြင့် လျှပ်စစ်ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် Load တည်ငြိမ်မှုရရှိခဲ့၍ ဓာတ်အားပြတ်တောက်မှု နည်းပါးခဲ့ပါသည်။ သို့သော် ၂၀၂၁ ခုနှစ် နောက်ပိုင်းကာလများတွင် ပြည်သူအချို့ထံမှ ဓာတ်အားခများ ကောက်ခံမရရှိခြင်း၊ ကိုဗစ်ကာလအလွန်နှင့် ယူကရိန်းစစ်ပွဲကြောင့် LNG ဈေးနှုန်းများ မြင့်မားလာခြင်းတို့ကြောင့် ဓာတ်အားဆက်လက် ထုတ်လုပ်နိုင်စွမ်းမရှိဘဲ သင်္ဘောကိုပြန်လည်ရုပ်သိမ်းသွားခဲ့သဖြင့် Load တည်ငြိမ်မှုကို ဆောင်ရွက်ရန် အခက်အခဲများပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

ထို့ပြင် တစ်နှစ်ပတ်လုံး စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်ပေးနိုင်သည့် လောပိတရေအား လျှပ်စစ်စက်ရုံမှ ဓာတ်အားသယ်ယူသည့် မဟာဓာတ်လိုင်းတိုင်ကြီးများ ဖျက်ဆီးခံရခြင်း၊ ဓာတ်အား ခွဲရုံနှင့်စက်ရုံများ ဖျက်ဆီးခံရခြင်း၊ ရတနာသဘာဝ ဓာတ်ငွေ့မြေမှ ဓာတ်ငွေ့ထွက်ရှိမှု ကျဆင်းလာခြင်း တို့ကြောင့် ယခင်ထုတ်လုပ်နိုင်မှု၏ ထက်ဝက်ကျော်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျက်ရှိပါသည်။

သို့ဖြစ်ရာ Generation Mix တွင် ရေအားစက်ရုံများမှသာ အဓိကမောင်းနှင်အားပြန်လည် ဖြစ်ပေါ် လာခဲ့ပြီး နွေရာသီရေနည်းသည့်အချိန်တွင် ထုတ်လုပ်နိုင်မှုကျဆင်းလာသဖြင့် Generation Mix အချိုးကျထုတ်လုပ်နိုင်မှု မရှိခြင်းသည် တည်ငြိမ်စွာဓာတ်အားပေးနိုင်မှုအပေါ် အကျိုးသက်ရောက်စေပြီး “လျှပ်စစ်မီးခဏခဏပျက်သည်” ဟူသော ပြည်သူတို့၏ အမြင်အား ဖြစ်ပေါ်လာစေခဲ့ခြင်းသာ ဖြစ်ပါသည်။                       

စီမံချက်အသစ်များ ရေးဆွဲအကောင်အထည်ဖော်

အဆိုပါ အခြေအနေများကို လွန်မြောက်နိုင်စေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံများ၏ သဘောတူညီချက်များအရ လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး သာတူညီမျှ ရရှိသုံးစွဲနိုင်ရေးအတွက် ရည်မှန်းချက်ထားကာ မူဝါဒအသစ်များ ချမှတ်ခဲ့ပြီးနောက် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့် သုံးစွဲရရှိနိုင်ရေးအတွက် စွမ်းအင် အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး စီမံချက်အသစ်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုအစီအစဉ် (Nationally Determine Contribution –NDC)အရ Generation Mix Plan အသစ်တစ်ရပ်ကို ထပ်မံရေးဆွဲနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုနိုင်ခဲ့ပါသည်။ အဆိုပါ Plan အသစ်အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင် မှု (၂၈ ရာခိုင်နှုန်း) (၅၁၅၆)မဂ္ဂါဝပ်၊ နေရောင်ခြည် နှင့် လေစွမ်းအင်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှု (၁၁ ရာခိုင်နှုန်း) မဂ္ဂါဝပ် (၂၀၀၀)၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးကဲ့သို့သော အခြားရုပ်ကြွင်းလောင်စာများနှင့် နျူကလီးယား စသည်တို့မှ ထွက်ရှိသော စွမ်းအင်ပါဝင်မှု (၆၁ ရာခိုင်နှုန်း) မဂ္ဂါဝပ် (၁၁၀၀၀) ခန့် ပါဝင်လျာထား ရေးဆွဲထားခဲ့ပြီး ဖြစ်ပါသည်။       

လျှပ်စစ်ဓာတ်အားကို အချိုးကျ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ

သို့ဖြစ်၍ ယခုအခါ သုံးနှစ်တာကာလအတွင်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ရှစ်ရုံ စုစုပေါင်း လျှပ်စစ်စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၂၄၀ အထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် လက်ရှိအချိန် တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရေအား ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည် ၃ ရာခိုင်နှုန်းနှင့် ကျောက်မီးသွေး ၂ ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အားကို အချိုးကျ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

လက်ရှိအချိန်တွင် စွမ်းအားပြည့်လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် စက်ရုံနှင့် ဓာတ်အားလိုင်းများကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ် ဓာတ်အားထိန်းညှိ ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုမှာ အများဆုံး ၃၀၀၀ မဂ္ဂါဝပ်ခန့်သာရှိရာ အနည်းဆုံး ဓာတ်အား လိုအပ်ချက်မှာ ၄၂၀၀ မဂ္ဂါဝပ်ခန့်ဖြစ်၍ အများပြည်သူ မီးသုံးစွဲမှုများသော နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဓာတ်အား ၁၂၀၀ မဂ္ဂါဝပ် ခန့်ကို ဝန်အားထိန်းညှိလျှော့ချရခြင်းကို မဖြစ်မနေ လုပ်ဆောင်နေရခြင်းသာဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် မတ်လအထိ တစ်နိုင်ငံလုံးအိမ်ထောင်စု စုစုပေါင်း ၁၀ သန်း ကျော်ရှိသည့်အနက် ခုနစ်သန်းကျော်အား လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်၍ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှု အချိုးမှာ ယခုအခါ ၆၇ ဒသမ ၃၄ ရာခိုင်နှုန်း သို့ ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါသည်။      

ရေအားစက်ရုံများကို ထပ်မံတည်ဆောက်

မြန်မာနိုင်ငံအနေဖြင့် ထုတ်လုပ်မှုစရိတ်သက်သာ၍ တစ်ယူနစ်ဓာတ်အားခစျေးနှုန်းချိုသာ စေသော ရေအားစက်ရုံများကို ထပ်မံတည်ဆောက်သွားရန် နေရာများစွာရှိသော်လည်း စီမံကိန်း အများစုမှာ လက်ရှိအချိန်တွင် ပြည်တွင်းပဋိပက္ခများကြောင့် ရပ်ဆိုင်း၊ ဆိုင်းငံ့ထားခြင်းများရှိသဖြင့် ရှေ့ဆက်မတိုးနိုင်သေးဘဲ ခုနစ်ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များကိုသာ ဦးစားပေးတည်ဆောက်နေရခြင်းဖြစ်ပါသည်။

ထိုသို့ဓာတ်အားခများစွာ သက်သာစေပြီး သဘာဝအတိုင်း ဖြစ်တည်နေခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စီမံကိန်းများ စက်ရုံများ တည်ဆောက်ထုတ်လုပ်ရန်မှာ အခက်အခဲ များစွာ ဖြစ်နေခြင်းကလည်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက် များစွာနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် အခက်အခဲများစွာကို ဖြစ်ပေါ်စေလျက်ရှိပါသည်။

ရေအားလျှပ်စစ်စီမံကိန်းများသည် တည်ဆောက်ချိန် ရှစ်နှစ်မှ ၁၀ နှစ်ခန့် အနည်းဆုံး ကြာမြင့်

သို့ဖြစ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် တည်ဆောက်ဆဲရေအား လျှပ်စစ်စီမံကိန်းများကို အလျင်အမြန် ပြီးစီးအောင် ကြိုးစားတည်ဆောက်လျက်ရှိရာ ရေအားလျှပ်စစ်စီမံကိန်းများသည် တည်ဆောက်ချိန် ရှစ်နှစ်မှ ၁၀ နှစ်ခန့် အနည်းဆုံး ကြာမြင့်သဖြင့် နောင်လာမည့်နှစ်ကာလများတွင် ယနေ့ကာလကဲ့သို့ မျိုးဆက်သစ်တို့အား ဒုက္ခမရောက်ကြစေရန် ကြိုတင်၍ စီမံကိန်းများ ချမှတ် ဆောင်ရွက်လျက်ရှိနေခြင်းလည်း ဖြစ်ပါသည်။

ဘူတန်နိုင်ငံတွင် ရေအားအရင်းအမြစ် ထက်ဝက်နီးပါးခန့်ကို အသုံးချနိုင်ပြီး လက်ရှိ စက် တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၆၀၀ ခန့် ထုတ်လုပ်နိုင်သဖြင့် ပိုလျှံသော လျှပ်စစ်စွမ်းအင်ကို ပြည်ပသို့ ရောင်းချနိုင်ကာ ကြွယ်ဝချမ်းသာလျက်ရှိသလို အိမ်နီးချင်း လာအိုနိုင်ငံတွင်လည်း သဘာဝကပေး သည့် ရေအားအရင်းအမြစ် သုံးပုံ နှစ်ပုံခန့်ကို အသုံးချနိုင်ခဲ့ပြီဖြစ်သဖြင့် လက်ရှိစက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၈၀၀၀ ခန့် ထုတ်လုပ်ပေးနိုင်ခဲ့ရာ ပိုလျှံသော လျှပ်စစ်စွမ်းအင်ကို ပြည်ပသို့ရောင်းချလျက် ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အရေးပေါ် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို လာအို နိုင်ငံမှ လျှပ်စစ်မဂ္ဂါဝပ် ၁၀၀၀ ခန့် ဝယ်ယူသုံးစွဲနိုင် ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိ ပါသည်။

ဤနေရာတွင် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု နှင့်စပ်လျဉ်း၍ ထုတ်လုပ်မှုအမျိုးအစားအလိုက် စက်စွမ်းအင်အချိုးကိန်း (Capacity Factor) နှင့် တစ်ယူနစ်ဈေးနှုန်းများကို ပြည်သူများ နှိုင်းယှဉ် တွက်ချက်၍ သိရှိနိုင်ရန် အကျဉ်းမျှဖော်ပြပေးလိုပါသည်။ "What next now" ၏ အဆိုအရ တည်ဆောက်သည့် စက်ရုံအမျိုးအစားအလိုက် ထုတ်လုပ်နိုင်သော စွမ်းအင်မှာ တည်ဆောက်သည့် စက်အင်အား၏ ဆိုလာ plant တွင် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း၊ လေအား plant တွင် ၂၅ ရာခိုင်နှုန်း၊ ရေအားစက်ရုံတွင် ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေး စက်ရုံတွင် ၇၀ ရာခိုင်နှုန်း၊ နျူကလီးယားစက်ရုံ တွင် ၈၉ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံ များတွင် ၃၈ ရာခိုင်နှုန်း စက်စွမ်းအင်မြှောက်ကိန်း ရှိကြောင်း သိရှိရပါသည်။

ပို၍ရှင်းအောင်ပြောရလျှင် လျှပ်စစ်စက် တပ်ဆင်အင်အား (Installed capacity) ဆိုသည်မှာ စက်တပ်ဆင်ထားသောအားကို ပြောခြင်းသာဖြစ်ပြီး တစ်နှစ်တာ အမှန်တကယ် မောင်းနှင်ထုတ်လုပ်လို့ရခြင်းကသာ Generation ဖြစ်လာခြင်းဖြစ်သည်။

စက်စွမ်းရည်မြှောက်ကိန်းများ မတူသည့်အတွက် တပ်ဆင်အင်အားတူနေရင်တောင် အရင်းအမြစ် ပေါ်လိုက်ပြီး တစ်နှစ်ပတ်လုံး ထုတ်လုပ်နိုင်စွမ်းက လုံးဝမတူညီနိုင်ပါ။ ဥပမာအားဖြင့် ဆိုလာ (၂၄၀) မဂ္ဂါဝပ်တပ်ဆင် အင်အားသည် Generation အနေဖြင့် ၂၄၀x.၁၅=၃၂ မဂ္ဂါဝပ်သာ Firm Power ရရှိနိုင်မည့် သဘောတရားဖြစ်ပါသည်။ ဤနေရာတွင် ပြည်သူများ ရှင်းလင်းမြင်သာအောင် နေရောင်ခြည်နှင့် ကျောက်မီးသွေးမှ ထုတ်လုပ်ခြင်းတို့ အကျိုးသက်ရောက်မှု ကွာခြားပုံကို တွက်ချက် နှိုင်းယှဉ်ပြလိုပါသည်။

စွမ်းအင်အကျိုးသက်ရောက်မှုကလည်း ကွာခြား

နေရောင်ခြည်က (၁၅%)x ၃၆၅ ရက်x ၂၄ နာရီဖြစ်၍ တစ်နှစ်လျှင် ၁၃၁၄ နာရီပဲ သုံးနိုင်ပါမည်။ ကျောက်မီးသွေးက (၇၀ %)x ၃၆၅ ရက်x ၂၄ နာရီဖြစ်၍ တစ်နှစ်လျှင် ၆၁၃၂ နာရီ သုံးစွဲ နိုင်ပါမည်။ သို့ဖြစ်၍ တစ်ရက်လျှင် ဆိုလာက ၃.၆ နာရီ၊ ကျောက်မီးသွေးက ၁၆.၈ နာရီသာ သုံးနိုင်မည်ဟု အလွယ်တကူ တွက်ချက်ရရှိနိုင်ပါသည်။ လျှပ်စစ်ရရှိချိန် မတူညီသည့်အပေါ်လိုက်၍ စွမ်းအင် အကျိုးသက်ရောက်မှုကလည်း ကွာခြားနေကြောင်း ထင်ရှားပေါ်လွင်လောက်ပြီဟု ယူဆမိပါသည်။

စက်များက စွမ်းရည်မတူသလို ပြည်သူများကလည်း ဓာတ်အားသုံးစွဲသည့် ဝန်အား (Load) က အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ မြန်မာနိုင်ငံတွင် လေ့လာတွေ့ရှိချက်အရ အနိမ့်ဆုံးအချိန် သုံးစွဲသည့် ဓာတ်အားသည် အမြင့်ဆုံးအချိန် သုံးစွဲသည့် ဓာတ်အား၏ ၇၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ခြားနားချက်ကြောင့်ပင် ဓာတ်အားစနစ်အတွင်း အနိမ့်ဆုံးလိုအပ်ချက်ကို အမြဲမပြတ် မောင်းနှင်ပေးထားရမည်ဖြစ်သလို အချိန်အလိုက် အမြင့်ဆုံးလိုအပ်ချက်(Peak Load) ဖြစ်လာလျှင် မောင်းနှင်ပေးရမည့် Based Load ဟု ခေါ်သော စက်အမျိုးအစားများလည်းရှိရန် လိုအပ် နေပါသည်။     

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်က ခန့်မှန်းတွက်ချက်ခဲ့မှုများအရ ရေအားဖြင့် ထုတ်လုပ်ပါက ပျမ်းမျှအားဖြင့် (၇၂)ကျပ် ကုန်ကျမည်ဖြစ်ပြီး Gas ဖြင့်ထုတ်လုပ်ပါက ပျမ်းမျှအားဖြင့် ကျပ်(၁၅၀) မှ (၁၉၀) ခန့်၊ ဆိုလာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပါက တစ်ယူနစ်လျှင် (၁၉၅)ကျပ်ခန့်ထိ ထုတ်လုပ်မှု စရိတ်ကုန်ကျနိုင်ပါကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော "Energy in Myanmar" ဆောင်းပါး စာတမ်းတွင် ခန့်မှန်းတွက်ချက်ဖော်ပြပါရှိခဲ့ပြီး ယခုအခါ ထိုစဉ်ကထက်ပင် ဈေးနှုန်းများစွာ မြင့်တက်လာနေပြီလည်း ဖြစ်ပါသည်။

ယခုအခါ ငွေလဲလှယ်နှုန်းကြီးမြင့်လာသဖြင့် ယခုဆောင်းပါးရေးနေချိန် ငွေလဲလှယ်နှုန်းထားဖြစ် သည့် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၄၆၇၀ နှုန်းဖြင့်ခန့်မှန်း တွက်ချက်ကြည့်မည်ဆိုပါက LNG ဖြင့်ထုတ်လုပ်မှု ဈေးနှုန်းမှာက တစ်ယူနစ်အတွက် (၂၂) ဆင့်ဖြစ်ရာ (၁၀၂၇ ဒသမ ၄) ကျပ် ကုန်ကျ မည်ဖြစ်ပြီး ရိုးရိုး Gas ဖြင့် ထုတ်လုပ်လျှင်ပင် တစ်ယူနစ်(၁၃ ဒသမ ၄)ဆင့်ဖြစ်ရာ (၆၂၅ ဒသမ ၈)ကျပ် ၊ ဆိုလာဖြင့်ထုတ်လျှင် တစ်ယူနစ်အတွက် ()ဆင့် (၄၂၀ ဒသမ ၃)ကျပ်၊ ရေအားဖြင့် ထုတ်လျှင် တစ်ယူနစ်အတွက်()ဆင့်ဖြစ်ရာ (၁၈၆ ဒသမ ၈) ကျပ်ခန့် အသီးသီး ကုန်ကျနိုင်မည်ဖြစ်ကြောင်း တွက်ချက် သိရှိနိုင်ကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ရေး၊ ထားဝယ်၊ မြစ်ကြီးနားစသည့် မြို့များတွင် ကုမ္ပဏီအသီးသီးမှ ဓာတ်အားငွေ ကျပ် ၅၀၀ မှ ၁၅၀၀ အထိ ကောက်ခံ၍ ဓာတ်အား မပြတ်စေဘဲ မီးပေးနေသကဲ့သို့ အစိုးရမှ ဆောင်ရွက် ပေးနိုင်ပါသော်လည်း လူတန်းစားအားလုံးသော နိုင်ငံတစ်ဝန်းမှ မြန်မာပြည်သူများအတွက် ဓာတ်အားခသက်သာစေမည့် သင့်တော်သော Generation Mix အတိုင်းသာ ဓာတ်အားထုတ်လုပ် ပေးသွားနိုင်ရန် လွန်စွာအရေးကြီးလှသဖြင့် Generation Mix အရေးပါပုံကို အနည်းငယ် ထပ်မံရှင်းပြလိုသေးပါသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် သုံးမျိုးခွဲခြား

၂၄ နာရီ ကာလအတွက် လျှပ်စစ်သုံးစွဲမှုသည် တစ်ပြေးညီမဟုတ်ဘဲ အတက်အကျများစွာ ရှိနေခြင်းကြောင့် ဓာတ်အားတည်ငြိမ်မှုရရှိစေရန် ထုတ်လုပ်မှုအား အချိုးကျတည်ဆောက်နေရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် Minimum Load (ဓာတ်အားသုံးစွဲမှုအနည်းဆုံး) အချိန်မှာ (၀၃:၀၀)နာရီဖြစ်ပြီး (၀၆:၀၀) နာရီမှ (၁၀:၀၀) နာရီအတွင်းနှင့် (၁၆:၀၀) နာရီမှ (၂၀:၀၀) နာရီအတွင်း အချိန်များသည် Peak Load (ဓာတ်အားသုံးစွဲမှု အများဆုံး) အချိန်များဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် Load ပေါ်မူတည်၍ သုံးမျိုးခွဲခြားနိုင်ပါသည်။ () Base Load Generation () Intermediate Load Generation () Peak Load Generation ဟူ၍ ဖြစ်သည်။ Base Load Generation တွင် ပုံသေနီးပါးထုတ်လုပ်နိုင်သော Run-Off River Type ရေအားလျှပ်စစ်စက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများ၊ ကျောက်မီးသွေးစက်ရုံများ၊ ဘူမိအပူသုံး စက်ရုံများနှင့် နျူကလီးယားစက်ရုံများ ပါဝင်ပါသည်။                         

Intermediate Load Generation တွင် Dam type ရေအားစက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံအငယ်စားများ ပါဝင်ပါသည်။ Peak Load Generation တွင် လေအားသုံး စက်ရုံ၊ နေရောင် ခြည်သုံးစက်ရုံနှင့် အခြားဈေးကြီးလွန်းသော စွမ်းအင်အသုံးပြုသည့် စက်ရုံများပါဝင်ပါသည်။ System Grid ကို အတိုးအလျှော့လုပ်နိုင်သည့်အပြင် ဓာတ်အားရရှိရန် အကန့်အသတ်များစွာရှိနေ၍ Peak Load အချိန်များတွင်သာ ဝင်ရောက်ပါဝင် မောင်းနှင်ဖြေရှင်းပြီး ဓာတ်အားစနစ်ကို ထိန်းပေး ခြင်းဖြစ်သဖြင့် Peak Load Generation ဟု ခေါ်ခြင်း ဖြစ်ပါသည်။                             

ရေအားလျှပ်စစ်စက်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံများစွာကို အကောင်အထည်ဖော် တည်ဆောက်ပေးလျက်ရှိ

ယခုအခါ နိုင်ငံတော်အနေဖြင့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်သုံး စက်ရုံအများအပြား တည်ဆောက်၍ Load တည်ငြိမ်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း Base Load Generation ဖြစ်သော ရေအားလျှပ်စစ်စက်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး စက်ရုံစီမံကိန်းများစွာကို ကြိုးစားအကောင်အထည်ဖော် တည်ဆောက်ပေး လျက်ရှိရာ ၂၀၃၀ ပြည့်နှစ်အတွက် မျှော်မှန်းရေးဆွဲ သော Generation Mix အတွက် Plan နှင့် အနီးစပ်ဆုံးအခြေအနေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လာမည်ဆိုပါက ပြည်သူလူထုအနေဖြင့် တည်ငြိမ်၍ ပြည့်ဝသော လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် ရရှိနိုင်လာတော့မည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ ခေတ်မီ၍ ဖွံဖြိုးတိုးတက်သော မြန်မာနိုင်ငံကြီးကို တည်ဆောက်ရာတွင် လျှပ်စစ်ဓာတ်အားတိုးတက် ရရှိရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါ သည်။ ထို့အတူ လျှပ်စစ်စွမ်းအားတိုးချဲ့ရေး ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် သင့်တော်သော ဓာတ်အားခဖြင့် ဓာတ်အားထုတ်လုပ်နိုင်မည့် Generation Mix ကို အချိုးညီစွာဖြင့် တိုးချဲ့ တည်ဆောက်သွားနိုင်ရေးသည်လည်း ဓာတ်အားစနစ်ကြီးတစ်ခုလုံး တည်ငြိမ်အောင် ထိန်းသိမ်းမောင်းနှင်ရာတွင် အလွန်အရေးကြီးလှပြီး စီမံကိန်းကြီးများ ကြိုတင်တည်ဆောက်နေပြီလည်းဖြစ်သဖြင့် မဝေးကွာလှသော အချိန်ကာလတစ်ခုတွင် စွမ်းအားပြည့်ဝစွာ Load တည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် လျှပ်စစ်ဓာတ်အားတိုးတက် ထုတ်လုပ်ဖြန့်ဖြူးပေးသွားနိုင်တော့မည်သာ ဖြစ်ပါကြောင်း စာရေးသူ၏အမြင်ကို ရေးသားတင်ပြ လိုက်ရပါသည်။ ။

No comments:

Post a Comment