Wednesday, October 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော် အောက်တိုဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့ညပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာမဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

 

 


အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအကိုမောင်နှမများ၊ နေပြည်တော်သို့လေ့လာရေးခရီး ရောက်ရှိနေသည့် ဗိုလ်လောင်းများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကိုချစ်မြတ်နိုးကြသည့်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်ကိုယ်စားပြုမင်းနိုင်စိုးဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနက ဇာတ်တော်ကြီးတီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲ၏မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုမဟာဧရာဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဖန်ခါးမြေဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ ယနေ့တွင် မွန်ပြည်နယ်ကိုယ်စားပြုမင်းနိုင်စိုး၁ ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြုဇာတ်တော်ကြီးအဖွဲ့များက သတ်မှတ်ရက်များအလိုက် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment