Thursday, October 3, 2024

ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂

နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

စုံစမ်းစစ်ဆေးအရေးယူ

ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိ ပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်း လုပ်ငန်းစဉ်များပါဝင်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အလွန်အရေးကြီးကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့် စာရိတ္တများပျက်စီးစေပြီး နိုင်ငံအတွက်အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ် ၇ ရက်တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့်ဆောင်ရွက်မည် ဆိုပါကလုံလောက်မှုမရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေး အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် ပြောကြားခဲ့ပါကြောင်း။

သာတူညီမျှစိတ်ဖြင့်ဆက်ဆံ

မိမိတို့နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အရ နိုင်ငံ့ဝန်ထမ်းများ၏ကဏ္ဍသည် အရေးကြီးသည့်နေရာတွင် ပါဝင်နေသည့်အတွက် ဝန်ထမ်းအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများများလာပါက နိုင်ငံတော်၏စွမ်းဆောင်မှုသည်လည်း ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အာဏာကို အလွဲသုံးစားပြုလုပ်မှုများ ကြီးမားကျယ်ပြန့်လာမှုကို အချိန်မီတားဆီးကာကွယ်မှုများ မလုပ်နိုင်ပါက နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုများလည်း ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိကင်းစင်စွာဖြင့် ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ကျောသားရင်သားမခွဲခြားဘဲ သာတူညီမျှစိတ်ဖြင့် ဆက်ဆံရန်၊ မိမိတာဝန်ကို မိမိကျေပွန်စွာထမ်းဆောင်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ် ရခြင်းအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment