မြစ်ကြီးနား အောက်တိုဘာ ၁၀
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ တောင်သူဦးဟောင်းခေါင်၏ ဘက်စုံမွေးမြူရေးခြံသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး
ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊
ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်သူဦးဟောင်းခေါင်၏ မွေးမြူရေးခြံ (၁၂) ဧကအတွင်း
ဒေသဝက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည့်တောင်သူများအား တိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက်
လိုအပ်သည့် နည်းပညာများပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယနေ့ ဦးဟောင်းခေါင်၏ခြံ၌
မြစ်ရေမြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ငန်းတွင် အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် ယခုလို
လာရောက်ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း ပြောကြားပြီး နည်းစနစ်တကျမွေးမြူရေးအတွက် လိုအပ်သည်ကူညီထောက်ပံ့မှုများကို
ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ခြံဝင်းအတွင်း မွေးမြူထားသည့် ဝက်၊ နွားနှင့် ဆိတ်၊ ငါးများအတွက် ငါးအစာတောင့်အိတ်များ၊
ဝက်ငယ်အစာအိတ်များ၊ မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ ခြံဖျန်းပိုးသတ်ဆေးများနှင့်
တိရစ္ဆာန်အာဟာရ ဖြည့်စွက်အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်
ခြံဝင်းအတွင်း ဒေသနွားများနှင့် ဒေသဆိတ်များ မွေးမြူထားရှိမှုအခြေအနေများနှင့် မြေဧရိယာ၏
(၇)ဧကခန့်အတွင်းရှိ ရေကန်တွင် ငါးများမွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး
မွေးမြူရေးအပြင် ခြံဝင်းအတွင်း အသီးအနှံများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment