Wednesday, October 16, 2024

နည်းပညာတိုးတက်ပြောင်းလဲမှု ပိုမိုကောင်းမွန်သောအနာဂတ်ရှေးရှု

 

(၆)ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို အောက်တိုဘာ ၁၄ ရက်က တရုတ်နိုင်ငံ ရှင်းကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုရူမုချီမြို့၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာကိုယ်စားလှယ်အဖွဲ့အပါအဝင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ မီဒီယာအဖွဲ့များ၊ အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀၀ ကျော်၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာမှအဖွဲ့အစည်းများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံကို နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ပြီး ယခုနှစ်ညီလာခံ၏ ဆောင်ပုဒ်ကို “AI နည်းပညာနှင့် ပြောင်းလဲလာသည့် မီဒီယာဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် သတ်မှတ်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် တိုးတက်ပြောင်းလဲမှုဖြစ်စဉ်-ဉာဏ်ရည်တုအသုံးပြု၍ သတင်းထုတ်ပြန်ခြင်း၊ နည်းဥပဒေနှင့် တာဝန်များ- ဉာဏ်ရည်တုခေတ်တွင်ထားရှိရမည့် သတင်းသမားကျင့်ဝတ်၊ အဖြစ်မှန်နှင့် အမှန်တရား- ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာ၏ဘုံတာဝန်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှု- ပိုးလမ်းမကြီးတစ်လျှောက် ပြည်သူမှပြည်သူသို့ သတင်းဖလှယ်ရေး၊ နှစ်ဦးနှစ်ဖက် အကျိုးများစေမည့် အခွင့်အလမ်းများ၊ နိုင်ငံအချင်းချင်း၊ အစိုးရအချင်းချင်း ပွင့်လင်းမြင်သာမှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာများအကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ပြီး ၎င်းတို့အတွက် AI ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို နိုင်ငံများအကြား မျှဝေရာတွင် အထောက်အကူပြုစေမည်ဖြစ်သည်။ လူသားမျိုးနွယ်အားလုံးအတွက် အနာဂတ်ကို မျှဝေပေးခြင်းနှင့်အတူ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို တိုးတက်လာစေရန်နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်သော နေရာတစ်ခုဖြစ်စေရန်အတွက်၊ အထောက်အကူဖြစ်စေရန်အတွက် မီဒီယာများ၏ စုပေါင်းအင်အားကို အသုံးပြုရေး၊ ကမ္ဘာ့မီဒီယာထိပ်သီးညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာကဏ္ဍတွင် အဆင့်မြင့်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်သည်တို့ကို ဆွေးနွေးခဲ့ကြသည်။

မျက်မှောက်ကာလတွင် သတင်းအချက်အလက်နည်းပညာခေတ်၊ ထိုမှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းပညာခေတ်တို့ကို အဆင့်ဆင့်ကျော်ဖြတ်လာခဲ့ပြီး ယခုအခါ အံ့မခန်းအဆင့်မြင့်မားသည့် AI နည်းပညာခေတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ အဆင့်မြင့်နည်းပညာ အံ့မခန်းစွမ်းပကားများကြောင့် AI နည်းပညာသည် ယခုအခါလူတိုင်း၏ ပါးစပ်ဖျားတွင် နေရာယူလာပြီဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် AI နည်းပညာကို အသုံးချရကောင်းမှန်း သိလာကြသည်။ မြန်မာနိုင်ငံအနေဖြင့် အစပျိုးချိန်လောက်သာဆိုနိုင်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်း တန်းတူလိုက်နိုင်ရန် AI နည်းပညာကို လေ့လာလိုက်စားကြဖို့လိုမည်ဖြစ်သည်။ မည်သည့်နည်းပညာ ရပ်မဆို အကောင်း၊ အဆိုးတို့ဒွန်တွဲပါနေသည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

AI ကို ဉာဏ်ရည်တုနည်းပညာဟုခေါ်ဆိုပြီး လူ့အသိဉာဏ်ကိုယ်စား တစ်ခုခုလုပ်ခိုင်းခြင်းဟု အချို့မှတ်ယူကြပြီး နည်းပညာတွင် အချက်အလက်များထည့်သွင်းပြီး ပြန်လည်အသုံးချခြင်းဟု အချို့ကဆိုကြသည်။ မည်သို့ပင်ဖြစ်စေ AI နည်းပညာသည် ကမ္ဘာတစ်ဝန်းရှိ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးတို့၌ တွင်ကျယ်ခေတ်စား အသုံးပြုလာကြသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။ အဓိကမှာ လူသားအကျိုးပြု အထောက်အကူရရှိရေးသာဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးအရတည်ငြိမ် ခိုင်မာမှုမရှိသေးသည့် မြန်မာနိုင်ငံအနေဖြင့် လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများကို အဆိုပါနည်းပညာဖြင့် အသုံးချဖန်တီးမှုများရှိခဲ့သည်။ အထူးသဖြင့် လူမှုကန်ရက်မျက်နှာစာများတွင် ပေါ်ထွက်လေ့ရှိသည့် သတင်းတု၊ သတင်းမှား၊ ချဲ့ကားသတင်း၊ အလိမ်အညာသတင်းများ ပိုမိုပျံ့နှံ့လာခြင်းအကြောင်းတွင် အဆိုပါနည်းပညာအသုံးချမှုများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ရိုးရှင်းစွာဆိုလျှင် အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ လက်ရှိကာလတွင် နည်းပညာကိုအသုံးချ၍ မမှန်သတင်းစကားများ ပျံ့နှံ့ကျယ်ပြန့်မှုကြောင့် အမှန်တည်ဆောက်နိုင်ရန် ခက်ခဲနေသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် တွင်ကျယ် ခေတ်စားလာသော AI နည်းပညာကို လူတိုင်းလက်လှမ်းမီအောင် လေ့လာလိုက်စားကြပြီး နိုင်ငံနှင့်လူမျိုး၊ လောကလူသားကောင်းကျိုးများအတွက် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် မီဒီယာနယ်ပယ်တွင် ကျင်လည်ကြသူအားလုံးအနေဖြင့် တိကျမှန်ကန်မှုနှင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုရှိသည့် သတင်းအချက်အလက် အမှတ်အသားများကို AI နည်းပညာကို အသုံးပြု၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းအားဖြင့် အမှားအမှန်၊ အကောင်းအဆိုးတို့ ထင်သာမြင်သာ ပေါ်လွင်ထင်ရှားလာမည်ဖြစ်သည်။

သို့ဖြစ်ရာ AI နည်းပညာတွင် ကျယ်ခေတ်စားလာသော ခေတ်ကာလတွင် ပိုမိုကျယ်ပြန့်လာသော နည်းပညာများနှင့် နိုင်ငံတကာမီဒီယာများ၏ ညီညွတ်သော စုပေါင်းအားတို့ကို အခွင့်အလမ်းအဖြစ်ရယူပြီး ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် အဖြစ်မှန်နှင့် အမှန်တရားများ ပိုမိုကျယ်ပြန့်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။   

No comments:

Post a Comment