Wednesday, October 16, 2024

ပိုမိုကောင်းမွန်သည့်ဘဝနှင့် အနာဂတ်ရရှိရေးလူသားတိုင်းစားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး

 


နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့သည် ‘ကမ္ဘာ့စားနပ်ရိက္ခာနေ့’ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ တိုက်ဖျက်ရေးတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့က အလေးထားဆောင်ရွက်ကြရန်အတွက် တိုက်တွန်းနှိုးဆော်သောနေ့လည်းဖြစ်သည်။ ယခုနှစ်ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့် ဘဝနှင့်အနာဂတ်ရရှိရေး လူသားတိုင်းစားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေး- Right to Foods for a Better Life and a Better Future” ဟူ၍ ဖြစ်သည်။ ဤဆောင်ပုဒ်က လက်ရှိကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုနှင့် စိန်ခေါ်မှုများကို ထင်ဟပ်နေပြီး အခြေခံလူ့အခွင့်အရေးအရ လူတိုင်းလုံလောက် သောအာဟာရကို စားသုံးရရှိရန်နှင့် လူသားတို့၏ ပစ္စုပ္ပန်နှင့်အနာဂတ်တို့တွင် စားရေရိက္ခာ၏ အရေးပါသည့်အခန်းကဏ္ဍတို့ကို အလေးဂရုပြု နိုင်ရန် တိုက်တွန်းနှိုးဆော်ထားခြင်းလည်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာထုတ်လုပ်နေကြသည့် တောင်သူလယ်သမားများသည် ကမ္ဘာ့လူဦးရေစားသုံးမှုထက်ပိုမိုသော အစားအစာများကို ဖူလုံပိုလျှံအောင် ထုတ်လုပ်နေကြသော်လည်း ငတ်မွတ်ခေါင်းပါးမှုက ကမ္ဘာလုံးဆိုင်ရာအရေးပါသည့် ပြဿနာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသည်။ ကမ္ဘာတစ်ခွင်ခန့်မှန်းခြေအားဖြင့် လူပေါင်း ၇၃၃ သန်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေကြရပြီး လူသန်းပေါင်း ၂၈၀၀ ကျော်တို့မှာ ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာများကို မစားနိုင်ကြကြောင်း စာရင်းဇယားများက ပြဆိုသည်။ အဆိုပါ ကိန်းဂဏန်းများက ရာသီဥတုဖောက်ပြန်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခြင်း၊ စစ်ပွဲများ၊ ပဋိပက္ခများဖြစ်ပေါ်ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ သာတူညီမျှ မှုမရှိခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းတို့အပါအဝင် ပိုးမျှင်ချည်ခင်များနှယ် ရှုပ်ထွေးနေသည့် စိန်ခေါ်မှုများကို ထင်ဟပ်နေသည်။ စင်စစ်လူတိုင်းအစားအစာရရှိရေးသည် အသစ်အဆန်းအရေးကိစ္စမဟုတ်ဘဲ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းတွင်ပါရှိပြီးသော အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ ငတ်မွတ်ခေါင်းပါးခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်သူများ အထူးသဖြင့် စိုက်ပျိုးရေးအပေါ် မှီခိုနေရသူများအပေါ် ခြိမ်းခြောက်နေသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် တည်ရှိနေသည်။

ကမ္ဘာတစ်ခွင် အာဟာရချို့တဲ့မှုပုံစံအားလုံး၏ အဓိကအကြောင်း အရင်းသည် ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များ ကြောင့်ပင်ဖြစ်သည်။ ကယ်လိုရီနှင့် အာဟာရဓာတ်များ မလုံလောက်ခြင်း၊ မရှိမဖြစ်လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များနည်းပါးခြင်း တို့ကြောင့် အာဟာရချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အတွင်းအဆီများ အလွန်အကျွံ စုဆောင်းမိခြင်းကြောင့် အဝလွန်ခြင်းစသော ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ထိခိုက်လွယ်သူ လူအုပ်စုများမှာ ကျန်းမာရေးနှင့်မညီညွတ်သော ဈေးနည်းသည့် အစားအစာများကို ရွေးချယ်၍ မှီခိုစားသုံးနေကြရသည်။ အာဟာရဓာတ်ပြည့်စုံကျန်းမာရေးထက် အဆင်ပြေသလို စားသောက်ကြရခြင်းပင်ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအခြေအနေကို ကာလကြာရှည်စွာဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ၊ စီးပွားရေးကျဆင်းမှုများက ပိုမိုရှုပ်ထွေးစေသည်။

လက်ရှိကမ္ဘာ့စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်မှုစနစ်သည် သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခအကျပ်အတည်းများ၊ ရာသီဥတုပြောင်းလဲမှု ၏ သက်ရောက်မှုများကြောင့် ထိခိုက်စေနိုင်သလို အပြန်အလှန်အားဖြင့်လည်း ဤစိုက်ပျိုးထုတ်လုပ်မှုစနစ်ကြောင့် မြေဆီလွှာ၊ ရေထုနှင့်လေထုတို့ ညစ်ညမ်းစေခြင်း၊ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများ ဖြစ်ပေါ်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေသည့်အတွက် အနာဂတ်တွင် ယင်းစနစ်ကို ပြောင်းလဲသွားနိုင်ရန် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပါဝင်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူတစ်ဦးချင်းအနေဖြင့်လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးရန်လိုအပ်သလို အစားအစာများ အလဟဿဖြစ်စေမှု၊ စွန့်ပစ်မှုတို့ လျှော့ချသွားကြရမည်ဖြစ်သည်။

အစိုးရ၊ လုပ်ငန်းများနှင့်အဖွဲ့အစည်းများအနေဖြင့်မူ အသိပညာနှင့် ကျွမ်းကျင်မှုများကိုမျှဝေရန်၊ ရေရှည်ခံနိုင်ရည်ရှိသော အစားအစာစနစ်များကို ထောက်ပံ့ကူညီပေးရန်၊ စိုက်ပျိုးရေးကဏ္ဍဆန်းသစ်တီထွင်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပိုမိုရင်းနှီးမြှုပ်နှံရန် ကြိုးပမ်း ဆောင်ရွက်ကြခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ဘဝနှင့်အနာဂတ်ရရှိရေး လူသားတိုင်းစားရေရိက္ခာပြည့်မီအောင် ဖြည့်ဆည်းပေးကြရပါမည့်အကြောင်း ။           

No comments:

Post a Comment