Wednesday, October 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲ ကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီးသည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာ ဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကိုချစ်မြတ်နိုးကြသည့် ပြည်သူများတက်ရောက်အားပေးကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးကိုယ်စားပြု “ဖန်ခါးမြေ” ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနက ဇာတ်တော်ကြီး တီးလုံးတီးချက်အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။

“မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲကို တင်ဆက်ရာတွင် ဝီရိယ၏စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်တတ်စေခြင်း၊ သစ္စာတန်ခိုးသည် သက်မဲ့များကိုပင် ထက်မြက်စေခြင်း၊ သီလစောင့်ထိန်းမှုသည် ဆာလောင်မှုကို သည်းခံနိုင်ခြင်း၊ သူတော်ကောင်းများနှင့် ဆုံတွေ့ကာ စောင့်ရှောက်မှုခံရနိုင်ခြင်း၊ ဉာဏ်ပညာသည် ဘုန်းတန်ခိုးကို ပိုမိုထက်မြက်စေခြင်း၊ ကာယစွမ်းအားသည်လည်း လူအများ အားထားမှုခံရခြင်း၊ မိန်းမမြတ်များသည် မိဂုဏ်ဘဂုဏ် အမျိုးဂုဏ်စောင့်အပ်ခြင်း၊ ယုံမှားသံသယသည် ကောင်းကျိုးပျက်၍ အဆိုးဘက်ရောက်အပ်ခြင်း၊ နိက္ခမပါရမီထူးကြောင့် (၇) ရက်အတွင်း အဘိညာဉ်ကိုရကာ သန္တိသုခရရှိခြင်း စသည့်အနှစ်သာရများကို ခံစားရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယှဉ်ပြိုင်ကပြခြင်း ဖြစ်ကြောင်း။

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်က ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုမဟာဧရာဇာတ်တော်ကြီးအဖွဲ့က လည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြုဖန်ခါးမြေဇာတ်တော် ကြီးအဖွဲ့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာ ကိုယ်စားပြုဇာတ်တော်ကြီးအဖွဲ့များက သတ်မှတ်ရက်များအလိုက် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားကြ မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment