Wednesday, October 2, 2024

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော် သက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတ်မှတ်ပေးထား

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၆၀ နှင့်အထက် သက်ကြီးဦးရေသည် ၅ ဒသမ ၂ သန်းခန့် ရှိရာမှ ပြည်သူ့အင်အားဦးစီးဌာန ၏ ၂၀၂၄ ခုနှစ် ခန့်မှန်းလူဦးရေစာရင်းအရ သက်ကြီးဦးရေသည် ၆ ဒသမ ၅ သန်းကျော်အထိ တိုးလာပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနှင့်တစ်ဝန်းရှိ သက်ကြီးပုဂ္ဂိုလ်များကို ပြီးပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြုစုစောင့်ရှောက်မှုနှင့် လူမှုရေးဝန်ဆောင်မှုများပေးရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် ယခုနှစ်(၂၆)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ ဆောင်ပုဒ်ကို “သက်ကြီးပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာရပ်တည်ရေး ကမ္ဘာအနှံ့ ဘက်စုံပြုစုစောင့်ရှောက်ပေး” ဟု သတ်မှတ်ပေးထားပါကြောင်း။

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းနိုင်ခဲ့ပြီး သက်ကြီးပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ဖြည့်ဆည်းပေးရေးနှင့် ပြုစုစောင့်ရှောက်ရေးတို့အတွက် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များအတွက် ဝင်ငွေလုံခြုံမှုရရှိစေရန်အတွက် လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အကျိုးခံစားခွင့်ရှိသူ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် ၁၁၀၇၉၆ဦးကို လူမှုရေးပင်စင်ပေးအပ်နိုင်ရေး စီစဉ်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် အသက်အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ယခင်နှစ်များကဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၁၀ သိန်းစီကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် လွှဲပြောင်းပေးအပ်ဂုဏ်ပြုသွားရန် စီစဉ်ထားရှိပါကြောင်း ပြောကြားသည်။

ထို့နောက် သက်ကြီးပုဂ္ဂိုလ် ပြုစုစောင့်ရှောက်ရေးနှင့် အခွင့်အရေးဆိုင်ရာဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကိုပြသပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက ဘိုးဘွားများကို လူသုံးကုန်၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment