Wednesday, October 2, 2024

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် ကြိုပင်သာကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သွားရောက်ကြည့်ရှုသည်။

ထောက်ပံ့ပေးအပ်

ယင်းနောက် ပေါက်မြိုင်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် နေကြာနှင့်မတ်ပဲများ ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများရရှိအောင် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ အိမ်ထောင်စုများ အတွက် ဆန်နှင့်အဝတ်အထည်များကိုလည်းကောင်း၊ အသင်းသားတောင်သူများ၏ စိုက်ပျိုးဧက ၂၅၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ရေတိုက်စားမှုကြောင့် လမ်းသားနှင့်လမ်းပခုံးများ ပျက်စီးသွားသော လယ်ဝေးမြို့နယ် သာဝတ္ထိ-စစ်တောင်းမြစ်ဆိပ် ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း ပြန်လည်ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဦးစားပေးအလိုက် အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်တံတားကြီး ကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာတို့သို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ အိမ်ထောင်စုများအတွက် ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်ကျွန်းဦး ခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ပဲလှော်ဖိုလုပ်ငန်းရှင်များ၊ ကျေးရွာနေပြည်သူများနှင့်‌ တွေ့ဆုံကာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ကျွန်းဦးကျေးရွာရှိ တန်ဖိုးမြှင့်ကုန်ထုတ် သမဝါယမအသင်းသားများဖြစ်သည့် ပဲကြော်ပဲလှော်၊ စာလေးခွေ၊ မာလာရှမ်းကော၊ ဆီစက်လုပ်ငန်းများ လုပ်ကိုင်သူများကို ငွေကျပ်သိန်း ၁၄၅၀ ကိုလည်းကောင်း၊ ကျေးရွာရှိ အိမ်ထောင်စုများအတွက် ဆန်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေ ပေးနေမှု၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် ကျေးရွာတွင်းလမ်းများ နုန်းများဖယ်ရှားခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပျဉ်းမနားမြို့နယ် ဆင်သေ ကျေးရွာသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် လတ်တလောလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး ကျေးရွာချင်းဆက်လမ်းတံတားများ၊ ကျေးရွာကုန်ထုတ်လမ်းများနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပြီး အိမ်ထောင်စုများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment