Wednesday, October 2, 2024

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော် အောက်တိုဘာ ၁

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများ၊ အနုပညာရှင်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက မိန့်ခွန်းပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ အရာရှိနှစ်ဦး၊ အခြားအဆင့် သုံးဦးနှင့် စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိ သုံးဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အရာရှိနှစ်ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပြီး အနုပညာရှင်ကိုယ်စားလှယ်တစ်ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယရဲချုပ်(၁)ရဲဗိုလ်ချုပ် တင်ကိုကိုက စွမ်းရည်သတ္တိအတွက် ရာထူးအဆင့်တိုး ဆုရရှိသူ အခြားအဆင့်ငါးဦး၊ စွမ်းဆောင်မှုအတွက် ရာထူးအဆင့်တိုးဆုရရှိသူ အခြားအဆင့်ငါးဦး၊ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ်အောင်နိုင်သူက ရုံးဝန်ထမ်း ထူးချွန်ဆုရရှိသူ တပ်ဖွဲ့ဝင်ခုနစ်ဦးနှင့် ဝတ်စားဆင်ယင် မှုအကောင်းဆုံးဆုရ တပ်ဖွဲ့ဝင်လေးဦး၊ အမျိုးသမီး စွမ်းဆောင်ရှင်ဆုနှင့် နေအိမ်လိုင်းခန်း သန့်ရှင်းရေး ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကိုပြသခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၊ ရဲအရာရှိကြီးများသည် ဆုရရှိသူများ၊ အနုပညာရှင် ကိုယ်စားလှယ်တစ်ဦးတို့နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment