Wednesday, October 2, 2024

စိန်ရတုမှာ စိန်ကောင်းတစ်ပွင့်ဖြစ်လာတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရတုအဆက်ဆက်တိုင် အောင်မြင်ပါစေ

 

ထက်မြတ်

စိန်ရတုဆိုတာ အကြောင်းအရာတစ်ခုခုက နှစ်ပေါင်း ၇၅ နှစ်တိုင်သည်အထိ တည်တံ့ခိုင်မြဲနေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ စိန်ဆိုတာကတော့ လူတိုင်းကမြတ်နိုးစွာ တန်ဖိုးထားရသလို အဖိုးလည်းထိုက်တန်လှတဲ့ ရတနာတစ်မျိုးပါ။

စိန်ဆိုတဲ့ရတနာက ၇၅ နှစ်ဆိုတဲ့ကာလအတွင်းမှာ ဖြစ်ပေါ်တည်ရှိဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အနည်းဆုံးတော့ နှစ်ပေါင်းတစ်ဘီလီယံ ကနေ ၃ ဒသမ ၃ ဘီလီယံအထိကြာမြင့်တတ်ပါတယ်။

ဒါပေမယ့် စိန်ကဲ့သို့သော တန်ဖိုးကြီးမားလှတဲ့၊ အရောင်အသွေး တောက်ပြောင်လှတဲ့ ကမ္ဘာ့ရတနာကြီး တစ်ပါးကတော့ ၇၅ နှစ်ဆိုတဲ့ ကာလအတွင်းမှာ ဖြစ်ပေါ်တိုးတက်လာခဲ့ပါတယ်။ အဲဒါကတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံပါပဲ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတာ ဒီကနေ့အချိန်အခါမှာ ကမ္ဘာ့နိုင်ငံများက ယုံကြည်စွာ အားကိုးအားထားပြုထိုက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်သာမက ကမ္ဘာပေါ်မှာ မဟာအင်အားကြီး နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်လို့လာနေပါပြီ။

အဘက်ဘက်က မတည်ငြိမ်မှုတွေ၊ အားနည်းချက်တွေရှိနေခဲ့တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ ၇၅ နှစ်အတွင်းမှာ ဒီကနေ့လို အနေအထားမျိုး ရောက်ရှိဖို့ တော်တော်လေးကို ရုန်းကန် ကြိုးပမ်းခဲ့ရတာပါ။

စိန်ကောင်းတစ်ပွင့်ရဖို့အတွက် ဖိအားများစွာကိုရင်ဆိုင်ရသလို တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဖိအားများစွာ၊ စိန်ခေါ်မှုများစွာ၊ အခက်အခဲ အကျပ်အတည်းများစွာကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ထိန်းသိမ်းဖြေရှင်းခြင်း အားဖြင့်သာ စိန်ရတုတိုင်လာတဲ့အချိန်မှာ စိန်ကောင်းတစ်ပွင့်ဘဝကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပေါ်မှု သမိုင်းကြောင်းလေးကို နည်းနည်းလောက် ပြောလိုက်ရအောင်။ ပြီးရင် ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့တွေဘာတွေလုပ်ခဲ့လဲဆိုတာကို အများသူငါအနေနဲ့ သိရှိနိုင်အောင် ဆက်လက် တင်ပြသွားပါမယ်။

သမိုင်းကြောင်း

တရုတ်နိုင်ငံဆိုတာ နှစ်ပေါင်း ၅၀၀၀ ကျော်သက်တမ်းရှိတဲ့ လူ့အဖွဲ့အစည်း ကြီးတစ်ခုပါ။ ဒါပေမယ့် အဲဒီနှစ်တွေအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပဒေသရာဇ်စနစ်ပျက်သုဉ်းတာ၊ သူ့ကျွန် ဘဝရောက်ရတာ၊ ပြည်တွင်းစစ်ဖြစ်ပွားရတာတွေ ရှိပါတယ်။ အဲဒီကာလတွေ တုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုပြီး ဖြစ်ပေါ်လာခြင်း မရှိသေးပါဘူး။

ဒါကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဖြစ်ပေါ်လာမှု သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၁၉၄၉ ခုနှစ် အောက်တိုဘာ လ ၁ ရက်မှာ စတင်ခဲ့တာကိုတွေ့ရပါမယ်။ အဲဒီအချိန်တုန်းက တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌမော်စီတုန်းက ပေကျင်းမြို့လယ်မှာရှိတဲ့ တီယန်မင်ဂိတ်တံခါးအပေါ်ကနေပြီး တရုတ်နိုင်ငံကို “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ” လို့ သတ်မှတ်ကြောင်း ကြေညာလိုက်တာပါ။

တရုတ်ကွန်မြူနစ် ပါတီအနေနဲ့ ခေတ်ပြောင်းတော်လှန်ရေးမှာ ချန်ကေရှိတ် ဦးဆောင်တဲ့ ကူမင်တန်အစိုးရကို ဖြုတ်ချနိုင်ပြီးနောက် တရုတ်သမ္မတနိုင်ငံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုပြီး အမည်ပြောင်းလဲသတ်မှတ်ကာ နိုင်ငံထူထောင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီး မော်စီတုန်းလက်ထက်မှစလို့ ယနေ့ တရုတ်သမ္မတရှီကျင့်ဖျင် လက်ထက်အထိ ခေါင်းဆောင် အဆင့်ဆင့်က တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာ အောင် ကြံဆောင်ခဲ့ကြသူတွေ၊ လက်တွေ့အကောင်အထည်ဖော်ခဲ့ကြသူ တွေ ဖြစ်ပါတယ်။

စာတတ်မြောက်မှု

ပြည်သူတွေဟာ ပညာတတ်မြောက်မှ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာ မယ်ဆိုတာ တရုတ်ခေါင်းဆောင်တွေက သိပါတယ်။ ဒါကြောင့် ပညာရေးကို ဦးစားပေးပြီး အကောင်အထည်ဖော်မှု တွေ လုပ်ဆောင်ခဲ့ရာ ၁၉၄၉ ခုနှစ်မှာ စာဖတ်တတ်သူအရေအတွက်က လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာရှိရာမှ နှစ်ပေါင်း ၃၀ ကြာပြီးတဲ့အချိန်မှာ စာဖတ်တတ်သူဦးရေ ၆၅ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

၂၀၂၁ ခုနှစ်မှာစာတတ်မြောက်မှုနှုန်း က ၉၉ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပြီလို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းက ရာနှုန်းပြည့်ဖြစ်နေပြီလို့ ယုံကြည်ရပါတယ်။

နိုင်ငံသားတွေ စာတတ်မြောက်မှုနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ခေါင်းဆောင်အသီးသီးက ဖော်ဆောင်ခဲ့ ပါသေးတယ်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေထဲမှာတော့ ယနေ့ကမ္ဘာမှာ တရုတ်နိုင်ငံက အအောင်မြင်ဆုံးဖြစ်နေတာကို တွေ့ရမှာပါ။

စီးပွားရေး

ဒီလိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် စီးပွားရေးပြုပြင် ပြောင်းလဲမှုနဲ့ တံခါးဖွင့်မူဝါဒကို တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တိန့်ရှောင်ဖိန်က ချမှတ်ခဲ့ပါတယ်။

မူဝါဒချမှတ်မှုနဲ့အတူ တခြားနိုင်ငံတွေရဲ့ စီးပွားရေးလုပ်ဆောင်မှုနည်းနာ တွေကိုလည်း လေ့လာစေခဲ့ပါသေးတယ်။ တိန့်ရှောင်ဖိန်လက်ထက်မှာ စင်ကာပူနိုင်ငံကို သွားရောက်ပြီး စီးပွားရေးဆိုင်ရာ နည်းနာနိဿယတွေကို ဆည်းပူးဖို့စေလွှတ်ခံရတဲ့ အရာရှိ စုစုပေါင်း ၂၂၀၀၀ ကျော် ရှိပါတယ်။

ဒါ့အပြင် အထူးစီးပွားရေးဇုန်တွေကိုလည်း ဖော်ထုတ်နိုင်ခဲ့သလို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဝင်ရောက် စေခဲ့ပြန်ပါတယ်။ ၁၉၈၄ ခုနှစ် မေလမှာ ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့တီယန်ကျင်းတို့ အပါအဝင် ကမ်းရိုးတန်းမြို့ပေါင်း ၁၄ မြို့ကို “တံခါးဖွင့်ကမ်းရိုးတန်းမြို့များ” အဖြစ် ခေါ်ဝေါ်သတ်မှတ်ပြီး စီးပွားရေးတိုးတက်မှုတွေရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။

တိန့်ရှောင်ဖိန်ဟာ နောင်တစ်ချိန်မှာ သိပ္ပံနှင့်နည်းပညာကသာ အခရာဖြစ်လာမယ်ဆိုတာကို ကြိုသိခဲ့သလိုပါပဲ။ သိပ္ပံနှင့်နည်းပညာက ပင်မကုန်ထုတ်လုပ် မှုစွမ်းအား ဖြစ်တယ်လို့ကို သတ်မှတ် ပြီးတော့ မူဝါဒချမှတ် အကောင်အထည် ဖော်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ကိုယ်တိုင်လည်း တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ပြည်တွင်းမှာ ပြည်ပရင်းနှီး မြှုပ်နှံမှုများကို လက်ခံခြင်းအားဖြင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ခဲ့သလို ပြည်ပနိုင်ငံများနဲ့ ဆက်ဆံရေး ကောင်းများတည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ စီးပွားရေးအခွင့်အလမ်းများကိုလည်း ဖော်ဆောင်ခဲ့ပါတယ်။

အခုဆိုရင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဟာကမ္ဘာပေါ်မှာ ဒုတိယမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာသလို သူ့ရဲ့ဂျီဒီပီကလည်း ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာယွမ် ၆၁ ဒသမ ၆၈ ထရီလီယံအထိ ရရှိထားတာကို တွေ့ရပါတယ်။

ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ် ရင်တော့ ၅ ရာခိုင်နှုန်း တိုးတက်လာ တာပါ။ သူတို့အနေနဲ့ အခုလိုမျိုး စီးပွား ရေးတိုးတက်ရမှုမှာ စက်မှုကုန်ထုတ် လုပ်ငန်းက အဓိကနေရာကနေ ပါဝင်နေ တာ ဖြစ်ပါတယ်။

နိုင်ငံရေး

တိန့်ရှောင်ဖိန်လက်ထက်မှာ နိုင်ငံရေးပြောင်းလဲမှုတွေကို အဓိကထား လုပ်ဆောင်ခဲ့တာပါ။ ဒီလိုမျိုး ပြောင်းလဲမှုကြောင့်ပဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီကို အရှိန်အဟုန်နဲ့ အရောက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်စဉ်က သမားရိုးကျ တောင်သူလယ်သမား အသိုင်းအဝိုင်းကနေ ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ မော်စီတုန်းအနေနဲ့ နိုင်ငံကောင်းစားမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဒီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပေမယ့် ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။

တိန့်ရှောင်ဖိန် လက်ထက်မှာတော့ နိုင်ငံရေးစနစ်တွေကို စတင်ပြောင်းလဲ ခဲ့ပါတယ်။ ဒီလိုပြောင်းလဲရတဲ့ ရည်ရွယ်ချက်က အုပ်ချုပ်မှုလုပ်ငန်းတွေကို ကောင်းမွန်ထိရောက်စွာ လုပ်ဆောင်နိုင်စေဖို့၊ ပါတီနဲ့အစိုးရကြားက တာဝန်ယူ၊ တာဝန်ခံမှုတွေကို ကွဲကွဲပြားပြားရှိစေဖို့နဲ့ ဗျူရိုကရေစီစနစ်ကို အပြီးတိုင် ဖျက်သိမ်းဖို့အတွက်ပါပဲ။

လက်ရှိမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကွန်မြူနစ်စနစ်ကို ကျင့်သုံး နေတယ်ဆိုပေမယ့်လည်း ဗဟိုဦးစီး ချုပ်ကိုင်မှုရှိတဲ့ ကွန်မြူနစ်စနစ်တော့ မဟုတ်ပါဘူး။ တရုတ်မူဟန်နဲ့ ပြည်သူ ကို မဏ္ဍိုင်ပြုတဲ့ ကွန်မြူနစ်စနစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြောင်းလဲမှုက ဘယ်ကိုအဓိက ဦးတည်လဲဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆီကို ဦးတည်နေတာပါ။ ဒီလိုနည်းနဲ့ လျှောက်လှမ်းနေတဲ့ တရုတ်နိုင်ငံရဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လမ်းကြောင်းပေါ်မှာ သူတို့တစ်နိုင်ငံတည်း သာမကကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကိုပါ အထောက်အကူကောင်းများ ဖြစ်စေခဲ့တာကိုလည်း တွေ့ရပါတယ်။

စစ်ရေး

စစ်ရေးပိုင်းဆိုင်ရာနဲ့ ပြောင်းလဲမှုမှာတော့ တော်တော်ကြီးကို ထင်ထင်ရှားရှား ပြောင်းလဲလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့်လက်ရှိ တရုတ်သမ္မတရှီကျင့်ဖျင်လက်ထက်မှာ စစ်သည် အင်အားဖောင်းပွမှုကို ကျစ်ကျစ်လျစ်လျစ်ဖြစ်စေပြီး စစ်လက်နက်ပစ္စည်း တွေရဲ့စွမ်းပကားကို သိသာထင်ရှားစွာတိုးမြှင့်ခဲ့ပါတယ်။

စစ်အင်အားကြီးနိုင်ငံများရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ လေယာဉ်တင်သင်္ဘော ဆိုရင်လည်း သုံးစင်းအထိ ပိုင်ဆိုင်နေပါပြီ။ အဲဒီထဲမှာမှနှစ်စင်းကို ပြည်တွင်းမှာပဲ ထုတ်လုပ်ထားတာပါ။ အခုလက်ရှိမှာလည်း ရေတပ်ရဲ့ စတုတ္ထမြောက် လေယာဉ်တင်သင်္ဘောကို တည်ဆောက်နေပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ နျူကလီးယားလက်နက်ကို ပိုင်ဆိုင်လာ မှုနဲ့အတူ ဒုံးကျည်စွမ်းပကားမှာ ခေတ်ရှေ့ပြေးတိုးတက်လာနေပြန်ပါတယ်။ အသံနှုန်းလွန်ဒုံးကျည်ဆိုတာကို တရုတ်နိုင်ငံကလည်း ပိုင်ဆိုင်ထားပါတယ်။

ဒီကနေ့ကမ္ဘာပေါ်မှာ စစ်အင်အား အများဆုံးနိုင်ငံက တရုတ်နိုင်ငံပါ။ စစ်သည်အင်အားစုစုပေါင်းက ၂ ဒသမ ၈ သန်းရှိပါတယ်။ ဒီပမာဏက အမေရိကန်နိုင်ငံထက်ကို နှစ်ဆလောက် ပိုများနေတာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ စီးပွားရေးအင်အားတောင့်တင်း လာတာနဲ့အမျှ စစ်အင်အားလည်း တိုးတက်လာပြီး အခုဆိုရင် ကမ္ဘာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် တတ်နိုင်သမျှ ပါဝင်ကူညီပေးလျက် ရှိပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေး

တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံကိုထူထောင်ခဲ့တဲ့ ၇၅ နှစ်တာကာလအတွင်း ဘယ်နိုင်ငံကိုမှ ကျူးကျော်စစ် ဆင်နွှဲခြင်းဆိုတာ မရှိခဲ့ပါဘူး။ ကမ္ဘာ့နိုင်ငံများကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်သာ ကူညီပေးခဲ့တာ ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ တုန်းက တရုတ်နိုင်ငံဟာ “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်” ကို ချမှတ်အကောင်အထည်ဖော်ခဲ့သလို ဒီလိုချမှတ်မှုကိုလည်း ကမ္ဘာ့နိုင်ငံအများ အပြားက လက်ခံကျင့်သုံးခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှာ နေရာတစ်နေရာရထားမှုနှင့်အတူ ကမ္ဘာတစ်ဝန်းမှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွေကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေပါတယ်။

ဒါကြောင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ပေးသူဆိုတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေသူလို့ပြောရင် ငြင်းနိုင်ဖွယ်ရာ အကြောင်းမရှိပါဘူး။

လွန်ခဲ့တဲ့နှစ်ပေါင်း ၇၅ နှစ်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတာ ဆင်းရဲနွမ်းပါးမှု၊ အစာရေစာငတ်ပြတ်မှု၊ ကိုယ်ကျိုးဖက် နိုင်ငံရေးသမားများရဲ့ အကျင့်ပျက်ခြစားမှု၊ နိုင်ငံရေး အပြောင်း အလဲများကြားမှာ ပဋိပက္ခများစွာ ဖြစ်ပွားမှု၊ အနောက်အုပ်စုမှ နိုင်ငံကြီးတချို့ရဲ့ ထိုးနှက်တိုက်ခိုက်မှု စတာတွေကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခက်အခဲတွေ ကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး အောင်မြင်မှုကို ရယူနိုင်စွမ်းရှိတဲ့ တရုတ်နိုင်ငံသားများရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကြောင့် အခုချိန်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုတာ ဆင်းရဲနွမ်းပါးမှု မရှိသလောက်ပပျောက်၊ အစာရေစာ ငတ်ပြတ်မှုဆိုတာဝေးလို့ အကျင့်ပျက် ခြစားမှုဆိုတာ လုံးဝမရှိတော့ဘဲ အနောက်အုပ်စုမှ တိုက်ခိုက်မှုတွေကိုလည်း တန်ပြန်ရင်ဆိုင်နိုင်စွမ်းရှိတဲ့ နိုင်ငံကြီးအဖြစ်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။

အခုဆိုရင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံဖြစ်ပေါ်ခဲ့တာဟာ စိန်ရတုသို့ တိုင်ခဲ့ပါပြီ။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည်လည်း အဖိုးမဖြတ်နိုင်တဲ့ စိန်ကောင်းတစ်ပွင့်ကဲ့သို့ တောက်ပြောင် ဝင်းလက်လာပါပြီ။ ဒါကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ စိန်ရတုမှသည် ရတုအဆက်ဆက် ထိတိုင် ဆက်လက်တိုးတက် အောင်မြင်ပါစေကြောင်း ဆုတောင်းပေး လိုက်ရပါတယ်။ ။

No comments:

Post a Comment