Friday, October 18, 2024

ပြည်ထောင်စုဝန်ကြီးဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၇

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာစံပြကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အလုံးစုံပျက်စီး၍ အသစ်တည်ဆောက်မည့်နေအိမ်ပန္နက်တင် ပြန်လည်တည်ဆောက်နေမှုနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှုပြင်ဆင်နေသည့် နေအိမ်များကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများသတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နေအိမ်ထိခိုက်ပျက်စီး သွားသော ရွာသူရွာသားများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ယနေ့စတင်ဆောက်လုပ်မည့် အိမ်အတွက်ပန္နက်ရိုက်ခြင်း၊ တိုင်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တစ်စိတ်တစ်ပိုင်း ပြင်ဆင်ပေးရမည့် အိမ်များကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင် ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် နေပြည်တော်ကောင်စီ နယ်မြေမြို့နယ် သုံးခုအတွင်းမှ ကျေးရွာ‌လေးရွာရှိရေဘေးသင့် နေအိမ်များအနက် အလုံးစုံ ပြန်လည်ပြင်ဆင်ရမည့် နေအိမ် ၃၄ လုံး၊ တစ်စိတ်တစ်ပိုင်းပြင်ဆင်ခြင်း ၁၀ လုံး စုစုပေါင်း ၄၄ လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေကျပ်သိန်း ၃၀၀၀ ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ယင်းနောက် အေးမြင့်သာယာကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စု ဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့်အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခံရမှုကြောင့် စိုက်ပျိုးမြေများတွင် မြေဆီမြေဩဇာ အခြေအနေ ပြောင်းလဲမှုကို သိရှိနိုင်ရန်နှင့်လိုအပ်သော မြေဆီအာဟာရမှန်ကန်စွာ ဖြည့်သွင်းပေးနိုင်ရန် မြေဆီလွှာ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မြေဩဇာအချိုးအဆ မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြမှုအပေါ်လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အေးမြင့် သာယာကျေးရွာရှိ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား တောင်သူ ၆၆ ဦးနှင့် တွေ့ဆုံကာ အသင်းသားပိုင် စိုက်ပျိုးမြေဧက ၂၀၀တွင် ဆောင်းသီးနှံမတ်ပဲစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပြီး မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းက လှူဒါန်းထားသည့် မတ်ပဲမျိုးပိဿာ ၂၀၀၀ ကို လည်းကောင်း၊ သမဝါယမဦးစီးဌာနက ကူညီထောက်ပံ့ပေးသည့် သွင်းအားစု ဓာတ်မြေဩဇာများကို လည်းကောင်း ပေးအပ်သည်။

သတင်းစဉ်

No comments:

Post a Comment