Saturday, October 19, 2024

မိမိကိုယ်ပိုင်အရင်းအမြစ်များနှင့် ခိုင်ခိုင်မာမာ၊ ဝင့်ဝင့်ထည်ထည်


လွန်ခဲ့သည့်နှစ်နှစ် (၂၀၂၂ခုနှစ်) က ကမ္ဘာ့လူဦးရေသန်းပေါင်း ၈၀၀၀ ပြည့်ခဲ့သည်။ ယခုနှစ်တွင်မူ နောက်ထပ်လူဦးရေ ၆၆ သန်းကျော်တိုးလာခဲ့ပြီဖြစ်သည်။ ကမ္ဘာ့လူဦးရေ တိုးလာနေခြင်းတွင် အဓိကကျသည့်စိန်ခေါ်မှုမှာ တိုးပွားလာသည့်လူဦးရေကို ဝဝလင်လင် ကျွေးမွေးနိုင်ရေးအတွက် စားရေရိက္ခာဖူလုံရေးပင်ဖြစ်သည်။ လက်ရှိအခြေအနေတွင်မူ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာလိုအပ်ချက်နှင့်အတူ အာဟာရမပြည့်ဝသူဦးရေမှာလည်း တိုးတက်လျက်သာရှိနေသည်။

အက်ဖ်အေအို၏အဆိုအရ ကမ္ဘာပေါ်တွင် လူဦးရေသန်းနှစ်ထောင်ကျော်သည် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့်အစားအစာကို လုံလုံလောက်လောက်နှင့် ပုံမှန်စားသုံးခွင့်မရဟုဆိုသည်။ စားနပ်ရိက္ခာဖူလုံခြင်းဟုဆိုရာတွင် အစားအစာရရှိနိုင်မှု (Food availability) ၊ အစားအစာဝယ်ယူနိုင်မှု (Food access) ၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်မှု (Utilization) နှင့် အစားအစာကို စဉ်ဆက်မပြတ်ထုတ်လုပ်ပေးနိုင်မှု (Stability) ဟူသည့် အခြေခံအချက်များ ပြည့်စုံဖို့ လိုအပ်သည်။ မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်သကဲ့သို့ပင် ကမ္ဘာတစ်ဝန်းတွင်လည်း ဆင်းရဲနွမ်းပါးသူ ၈၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးရေးနှင့် သဘာဝအရင်းအမြစ်များကို အဓိကမှီခိုကာ ကျေးလက်ဒေသများတွင် နေထိုင်နေကြရပြီး သဘာဝဘေးအန္တရာယ်နှင့် လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များကို ထိပ်ဆုံးမှခံစားနေကြရသည်။ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦး‌ရေသည် သန်းပေါင်း တစ်သောင်း (၁၀ ဘီလီယံ) ခန့်သို့ရောက်ရှိလာမည်ဖြစ်ရာ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုစနစ်များကို တိုးတက်ပြောင်းလဲနိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကြိုးပမ်းနေကြပြီဖြစ်သည်။

ကမ္ဘာပေါ်တွင် ပဋိပက္ခများကြောင့်လည်းကောင်း၊ ရာသီဥတုပြောင်းလဲလာမှုကြောင့်လည်းကောင်း၊ ကိုဗစ် - ၁၉ ၏ အကျိုးဆက်များကြောင့်လည်းကောင်း၊ ဈေးနှုန်းများကြီးမြင့်လာခြင်း ကြောင့်လည်းကောင်း ငတ်မွတ်ခေါင်းပါးမှုများကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။ ထို့အပြင် အခြားအကြောင်းအရာများကြောင့်လည်း ငတ်မွတ်ခေါင်းပါးမှုကို ဖြစ်ပေါ်စေနိုင်ရာ လက်ရှိနိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် နိုင်ငံအလိုက် ပြည်တွင်းပဋိပက္ခများ၊ အကျပ်အတည်းများ၊ နှစ်နိုင်ငံကြားဖြစ်ပွားသည့်စစ်ပွဲများ စသည်တို့ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကိုပါ ဖြစ်ပေါ်စေသည်။ နိုင်ငံတကာတင်းမာမှုများ၊ စီးပွားရေးအကျပ် အတည်းများအားလုံးက ကမ္ဘာ့လူသားအားလုံးတို့အပေါ်တွင် အနည်းနှင့်အများဆိုသလို သက်ရောက်မှု ဖြစ်ပေါ်စေရာတွင် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံများနှင့် ထိခိုက်လွယ်သည့် အုပ်စုများမှာ ပို၍ပြင်းထန်စွာ ခံစားကြရခြင်းဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးမှုရှိအောင် ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်စေရေးအတွက် အဓိကကျသည့် စီးပွားရေးကဏ္ဍများကို ထိန်းချုပ်နိုင်ရန် ဆောင်ရွက်နေကြပြီး နိုင်ငံငယ်များ၏ ပြည်တွင်း၌လည်း ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကိုဖန်တီးကာ စီးပွားရေးထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးလျက်လည်းရှိသည်။ ယင်းသို့သော အခြေအနေမျိုးတွင် နိုင်ငံငယ်များအနေဖြင့် မိမိတို့ ကိုယ်ပိုင်သယံဇာတနှင့် အရင်းအမြစ်များကိုအသုံးချကာ ရင်ဆိုင်ကျော်လွှားနိုင်ကြရန်လည်း လိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့မိန့်ခွန်းတွင် “ကျွန်တော်တို့ နိုင်ငံအနေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်ဖို့အတွက် အရင်းအမြစ်ကောင်းများရှိထားပါတယ်။ ကမ္ဘာပေါ်မှာ ကြုံတွေ့လာနေတဲ့ စားနပ်ရိက္ခာလုံခြုံရေးကို ပံ့ပိုးပေးနိုင်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အခြားသော ကြေးနီ၊ သံ၊ ခဲမဖြူ စတဲ့သတ္တုပစ္စည်းများလည်း ထွက်ရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုနိုင်ငံတော်ရဲ့ သယံဇာတများနဲ့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကိုအသုံးချပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့သာ လိုအပ်ပါတယ်။” ဟူ၍ ပါရှိခဲ့သည်။

အနာဂတ်ကာလ ကမ္ဘာ့အခြေအနေများကို ရင်ဆိုင်ကြရာတွင် မိမိတို့နိုင်ငံအနေဖြင့် ကိုယ်ခံအားကောင်းရန်လိုသည်။ နိုင်ငံ့အင်အားသည် ပြည်တွင်းအားသာဖြစ်ရာ ပြည်တွင်းအားကောင်းရန် စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းမှုကို တည်ဆောက်ကြရမည်ဖြစ်သည်။ သို့မှသာလျှင် မိမိကိုယ်ပိုင်အရင်းအမြစ် သယံဇာတများဖြင့် ဝင့်ဝင့်ထည်ထည်ရပ်တည်ကာ ကမ္ဘာ့မိသားစုဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေးတာဝန်ကို တစ်တပ်တစ်အား ထမ်းဆောင်နိုင်ပါမည့်အကြောင်း။ ။

No comments:

Post a Comment