Saturday, October 19, 2024

အဓွန့်ရှည်ခိုင်မြဲတိုးတက်အောင် ကိုယ့်ခွန်ကိုယ့်အားကြိုးပမ်းစွမ်းဆောင်

မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသော၊ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြသော နိုင်ငံသားတိုင်းသည် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် အနာဂတ်အတွက် ဆောင်ရွက်သင့်သည်တို့ကို နားလည်သဘောပေါက်သင့်ကြသည်။ လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်ပမှစွက်ဖက်နှောင့်ယှက်မှုများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရေမြေတောတောင်သဘာဝနှင့် ပြည်တွင်းသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝသော်လည်း ခံယူချက်နှင့် စည်းလုံးညီညွတ်မှု အားနည်းမှုများကြောင့် မျှော်မှန်းသလောက်ခရီးမပေါက်ဘဲ စိန်ခေါ်မှုအမျိုးမျိုးတို့ကို ရင်ဆိုင်ကျော်လွှားရုန်းကန်နေရဆဲဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်စေရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်နေရန်လိုအပ်သည်။ နိုင်ငံရေးအားကောင်းစေရန်အတွက် ဦးဆောင်သူများက စနစ်တကျမှန်ကန်စွာ ဦးဆောင်ကြရမည်ဖြစ်သလို နိုင်ငံသူနိုင်ငံသားအားလုံးကလည်း မိမိနိုင်ငံနှင့်မိမိလူမျိုးအကျိုးအတွက် စည်းလုံးညီညွတ်ကြဖို့လိုအပ်သည်။

နိုင်ငံစီးပွားရေး ကောင်းမွန်လာစေရေးအတွက် နိုင်ငံသားအားလုံးက ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ကြမှသာ တစ်ဦးချင်းကြွယ်ဝချမ်းသာခြင်းမှ နိုင်ငံ့စီးပွားရေးကောင်းမွန်ပြီး ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်လာနိုင်သည်။ စီးပွားရေး ကောင်းမွန်မှသာ နိုင်ငံ၏ကာကွယ်ရေးအင်အားလည်း တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ကြီးသည်ငယ်သည်ဖြစ်စေ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား ခိုင်မာတောင့်တင်းအားကောင်းနေပါက ပြင်ပမှမည်သည့်စွက်ဖက် နှောင့်ယှက်မှုမျှမခံရဘဲ ပတ်ဝန်းကျင်တစ်ခွင် ခံ့ထည်ဝင့်ကြွားစွာ ရပ်တည်နေထိုင်နိုင်မည်ဖြစ်သည်။

လက်ရှိကာလတွင် ကမ္ဘာကြီး၌ အင်အားချိန်ခွင်လျှာညှိနေသည့်အခြေအနေများ၊ နိုင်ငံရေး၊ စီးပွားရေးအသာစီးရလိုမှုများနှင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံရေးအခြေအနေများအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အထူးသတိကြီးကြီးထား၍ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်လျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို တပ်မတော်တစ်ခုတည်းမှာသာ အပြည့်အဝတာဝန် ရှိသည်ဟုမမှတ်ယူကြဘဲ ပြည်သူများ၏ အားနှင့်စစ်မှန်သော ပူးပေါင်းဆောင်ရွက် မှုအင်အားများ လိုအပ်လျက်ရှိသည်ကို သတိပြုကြရမည်ဖြစ်သည်။ ယနေ့ကာလတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ အင်အားငယ်သည့် နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံအချင်းချင်း ပိုက်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပြည်တွင်းရေးမငြိမ်သက်မှုများစွာ ကမ္ဘာ့နေရာအနှံ့အပြား၌ ဖြစ်ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါပြဿနာများနှင့်ပဋိပက္ခများကို ဖြေရှင်းရာတွင် အချို့သောဒေသများ၌ ပြည်တွင်းပဋိပက္ခများကို ဒေသတွင်းပဋိပက္ခအခြေအနေများအထိ ဖြစ်ပေါ်လာအောင် ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအများစုကလည်း နိုင်ငံအလိုက် အင်အားစုရရေးအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းများကို စည်းရုံးစုစည်းပြီး နိုင်ငံရေး၊ စီးပွားရေး စသည့်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ အကျိုးစီးပွားပေါ်မှာသာ ခိုင်ခိုင်မာမာရပ်တည်ပြီး ဦးစားပေးလုပ်ဆောင်နေကြသည်ကို သတိပြုမိကြဖို့လိုသည်။

လတ်တလောတွင် အိမ်နီးချင်းနိုင်ငံအချို့နှင့် ကမ္ဘာ့နိုင်ငံအချို့၏ ပြည်တွင်းရေး ပဋိပက္ခများတွင် မည်သည့်နိုင်ငံများက မည်သို့ပါဝင်ပတ်သက်နေသည်ကို သတိပြုမိဖို့လိုသည်။ သေချာလေ့လာဆန်းစစ်ကြည့်လျှင် တစ်ကျော့ပြန် ခေတ်သစ်ကိုလိုနီနယ်ချဲ့စနစ် ဖန်တီးနေသည်ကို ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ သတိပြုမိဖို့လိုမည်ဖြစ်သည်။ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတိုးတက်ရေးတွင် အဓိကကျသည့် စီးပွားရေးကဏ္ဍကို ထိန်းချုပ်နိုင်ရေး၊ မတည်ငြိမ်အောင် ဆောင်ရွက်ရေး ပြုလုပ်နေသည်ကိုတွေ့ရမည်ဖြစ်သည်။ ပြည်တွင်း၌ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်းမျိုးစုံဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုခြယ်လှယ်နိုင်အောင် ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုသို့သောအခြေအနေအမျိုးမျိုးတွင် နိုင်ငံငယ်များအနေဖြင့် မိမိနိုင်ငံအတွင်း စည်းလုံးညီညွတ်မှုခိုင်မြဲအောင်၊ နိုင်ငံအတွင်းမှာရှိသည့် သယံဇာတနှင့် အရင်းအမြစ်များ၏ စွမ်းပကားများကို ထိရောက်စွာအသုံးချပြီး ရင်ဆိုင်ကျော်လွှားနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကိုယ်ပိုင်အရင်းအမြစ်များ အားနည်းလာသည်နှင့်အမျှ စီးပွားရေးတွင်သာမက အခြားကဏ္ဍများတွင်ပါ အားနည်းထိခိုက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှု၏အဆုံးသတ်တွင် စီးပွားရေး အကျပ်အတည်းဖြစ်စေမှုကို ဦးတည်လေ့ရှိသောကြောင့် ပြည်ပအမှီအခိုကင်းပြီး ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ ပိုင်ဆိုင်နိုင်အောင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ကြိုးပမ်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment