နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာဆိုဗိမာန်သုံးထပ်အဆောက်အဦတည်ဆောက်ခြင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် အောက်တိုဘာ ၉
မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီးမြှင့်သည့် အထိမ်းအမှတ်အနေဖြင့် တည်ဆောက်မည့် စာဆိုဗိမာန်အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ အဆိုပါမြေနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊
ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာ-အိန္ဒိယ
ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ၊ အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီးများနှင့်
ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို
ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
စာဆိုဗိမာန်အဆောက်အဦ တည်ဆောက်မည့် ဗဟိုနေရာ၌ ရတနာပန္နက်တိုင်ကို စိုက်ထူပေးပြီး အမွှေးနံ့သာရည်များဖြင့်
ပက်ဖျန်းပေးသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး၊
ဆရာမကြီးတို့က သတ်မှတ်နေရာများ၌ အစီအစဉ်အတိုင်း ပန္နက်တော်တင်ကြပြီး ပန္နက်တော်များအား
အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ရတနာရွှေမိုးငွေမိုးများရွာသွန်း
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က စာဆိုဗိမာန်အဆောက်အဦ ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား
အောင်မြင်စွာပြီးမြောက်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စာဆိုဗိမာန်တည်ဆောက်နိုင်ရေးအတွက်
ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အိန္ဒိယ - မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အိန္ဒိယနိုင်ငံ၏
အကူအညီအထောက်အပံ့ဖြင့် သုံးထပ်အဆောက်အဦအဖြစ် တည်ဆောက်သွားမည့် အခြေအနေများ၊ အဆောက်အဦအား
စနစ်တကျတည်ဆောက်နိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာဆိုဗိမာန်အား
အထပ်အလိုက် ပြခန်းများ ခင်းကျင်းပြသသွားမည့် အခြေအနေများနှင့် ယခင်အဆောက်အဦအား စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ်
ပြင်ဆင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လမ်းညွှန်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က အဆောက်အဦများအား စနစ်တကျတည်ဆောက်သွားရန်နှင့် ရှေးစာဆိုတော်ကြီးများ၏
ခေတ်အလိုက် ပန်းချီများ၊ ဓာတ်ပုံများ၊ ရုပ်တုများကို ကြိုတင်၍ ရနိုင်သလောက် စုဆောင်းထားရှိရန်လိုကြောင်း၊
ဂီတစာဆိုတော်ကြီးများ၏ မှတ်တမ်းများနှင့်ပတ်သက်၍လည်း ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊
စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဆောင်ရွက်ရာတွင်လည်း စာပေများဖတ်ရှုနိုင်ရန်အတွက်
စာဖတ်ခန်းများကို အဓိကထည့်သွင်း၍ စနစ်တကျဖြင့် ထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို
လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသည့် အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး၊
ဆရာမကြီးများ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထည့်သွင်းထားရှိသွားမည်
အဆိုပါစာဆိုဗိမာန်အဆောက်အဦကို သုံးထပ်အဆောက်အဦအဖြစ်
တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှုသမိုင်းမှတ်တမ်းဓာတ်ပုံများ၊
စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများခင်းကျင်းပြသမည့် ပြခန်းများ၊
ပေပုရပိုက်များခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများခင်းကျင်းပြသမည့် ပြခန်းများ၊
စာပေဆုရခဲ့ဖူးသောစာအုပ်စာပေများခင်းကျင်းပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့်
ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာစာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့်
ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိသွားမည်ဖြစ်သည်။
ပြောင်းရွှေ့ဖြစ်လှစ်သွားမည်
ယခင်စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိမာန်
သုံးထပ်အဆောက်အဦ၏ ပထမထပ်တွင် တည်ရှိပြီး ယခုတိုးတက်လာသည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှုအခြေအနေများအရ
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့်
“အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများအသိဉာဏ်ပညာတိုးပွားစေရန်၊
မြန်မာစာပေဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ
တိုးပွားစေရန်ရည်ရွယ်၍ ယခင်အဆောက်အဦအား ပြန်လည်ပြုပြင်မွမ်းမံ၍ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ်
ပြောင်းရွှေ့ဖြစ်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment