Wednesday, October 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကြည့်ရှုအားပေး

 

နေပြည်တော် အောက်တိုဘာ ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်အနုပညာကို ချစ်မြတ်နိုးကြသူများ တက်ရောက်အားပေးကြသည်။

ဦးစွာ Plenary Hall ၌ ကျင်းပသည့် အဆင့်မြင့်ပညာအဆင့် အမျိုးသမီးအကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက်အချိုးအဆစ်ညီညာစွာအသုံးပြု၍ ငြိမ့်ညောင်းသည့် ကကြိုးကကွက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် Signing Room ၌ ကျင်းပသည့် “မဟာဂီတ” တေးသီချင်းအဆိုပြိုင်ပွဲ၌ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသား ပြိုင်ပွဲဝင်များက “ပန်းတသင်းသင်း” (ပတ်ပျိုး)သီချင်းဖြင့် သီဆိုယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ News Briefing Room ၌ ကျင်းပသည့် စန္ဒရားအတီးပြိုင်ပွဲ၌ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲဝင်များက “သောင်းသောင်းညံ” (ယိုးဒယား)သီချင်းဖြင့် တီးခတ်ယှဉ်ပြိုင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုသုခုမ အမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့် လူမျိုး၊ အမျိုးသားယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထား၊ တန်ဖိုးထားထိန်းသိမ်း ရန်အတွက် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားများအလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပြီးတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာ ရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့်အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှုအားပေးလျက်ရှိသည်။

သတင်းစဉ်

No comments:

Post a Comment