Monday, September 30, 2024

ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဆန်၊ ဆီ၊ ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ပြီး ရေကြီးရေလျှံမှုများအား လှည့်လည်ကြည့်ရှု

 


လွိုင်ကော် စက်တင်ဘာ ၃၀

လွိုင်ကော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့သည် ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ရေဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းများအတွက် ဆန်၊ ဆီစသည်တို့ကို စဉ်ဆက်မပြတ် လှူဒါန်းထောက်ပံ့ပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိပြီး စေတနာရှင်အလှူရှင်များကလည်း လာရောက်ကူညီလှူဒါန်းလျက်ရှိသည်။ ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၊ ဥတ္တရာရုံပရိယတ္တိ စာသင်တိုက်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့် ပြည်သူများသို့ ဆန်၊ ဆီ၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ရေဘေးသင့်ပြည်သူများအား ချက်ပြုတ်ကျွေးမွေးသည့်နေရာများသို့ လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အားပေးစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ၏ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေစေရေးအတွက် ကူညီပေးလျက်ရှိကြောင်း၊ ၎င်းအပြင် လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် ရေဘေးသင့်ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားမှု မပျက်စေရေးအတွက် ကျောင်းများစီမံဖွင့်လှစ်ပေးထားပြီး ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရေဘေးသင့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာစခန်းများတွင် လုံခြုံရေး၊ ကျန်းမာရေး၊ စားသောက်ရေးတို့ကို ယခုကဲ့သို့ စနစ်တကျဖြစ်စေရေး ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ ရေများပြန်လည်ကျဆင်းချိန် မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင်ကြရန်လိုကြောင်းနှင့် လိုအပ်သည့်အကူအညီများကိုလည်း ပြည်နယ်အစိုးရအဖွဲ့မှ တတ်အားသရွှေ့ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။





ယနေ့ပေးအပ်ပွဲတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း()ခုရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်(၆၀) အိတ်၊ ဆီ(၁၅၀)ပိဿာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုး စုစုပေါင်းတန်ဖိုး ငွေကျပ် ၁,၅၆၆,၆၀၀/- နှင့် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့် လူသုံးကုန်ပစ္စည်းများအား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်နိုင်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘီလူးချောင်းတံတား (ရှမ်းပိုင်း)၏ ရေဝင်ရောက်မှုနှင့် ကြံ့ခိုင်မှုအခြေအနေများ၊ မင်းကျောင်းကန်သာနှင့် ဈေးပိုင်း၊ မင်းစု၊ ဒေါနိုးကူးရပ်ကွက်များ၏ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment